၈. ၂. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံး အဖွဲ့ဖြစ်ခဲ့သော Big Bang အဖွဲ့ဝင်ဟောင်း ဆွန်းရီ (Seungri)မှာ ယိုဂျူး အကျဉ်းထောင်တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လကြာ ချမှတ်ခံခဲ့ရပြီးနောက် လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြန်လည်လွတ်မြောက်လာတော့မည်ဖြစ်ကြောင်းသိရသည်။
ဆွန်းရီ ကို တရားမဝင်ပြည့်တန်ဆာ လုပ်ငန်းအတွက် ပြည့်တန်ဆာ မြှူဆွယ်မှု၊ ပြည်ပတွင် တရားမဝင် လောင်းကစားလုပ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလွဲသုံးစားပြုမှု၊ ခြိမ်းခြောက်မှုနှင့် ကျူးလွန်မှုတို့အပါအဝင် ရာဇဝတ်မှု ၉ ခုဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တရားစွဲဆိုခဲ့ပြီး တရားခွင်အတွင်း စွဲချက် ၉ ချက်စလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရကာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
သို့သော် အယူခံဝင်ပြီးနောက်တွင် တရားရုံးချုပ်က ၎င်း၏ ပြစ်ဒဏ်ကို တစ်နှစ်ခွဲသို့ ပြန်လည်လျှော့ချပေးခဲ့သည်။
ဆွန်းရီ ၏ အမှုများအတွက် စီရင်ချက်အား ပြစ်ဒဏ်ပေါ့လျော့လွန်းကာ ထောင်ဒဏ်ကနည်းလွန်းသည်ဟု ဝေဖန်သူများလည်းရှိနေပြီး ၎င်းအနေဖြင့် ဖျော်ဖြေရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။