၈. ၂. ၂၀၂၃
Written by Min Mahar
တောင်သာမြို့တွင်နေထိုင်ပြီး စျေးရောင်းခြင်းဖြင့် အသက်မွေးသူအမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်က မလှိုင်မြို့သို့ စျေးဝယ်ရန်သွားနေစဉ် သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်သွားသည့်အပြင် ပါလာသောပိုက်ဆံများကိုပါ လုယက်ယူငင်သွားကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာ၊ မီးရထားသံလမ်းအနီး၊ မိုင်တိုင်(၂၅/၆ နှင့် ၂၅/၇) ကြားတွင် ဖေဖော်ဝါရီ ၇ ရက် နေ့လည် ၂ နာရီကျော်က တောင်သာမြို့၊ ရုံးကြီးကျေးရွာတွင်နေထိုင်ပြီး စျေးရောင်းချသူအမျိုးသမီးတစ်ဦးသည် မော်တော်ဆိုင်ကယ်ဖြင့် မလှိုင်မြို့သို့ စျေးဝယ်ရန်သွားနေစဉ်အတွင်း ဆိုင်ကယ်တစ်စီးနှင့်အမျိုးသား ၂ ဦးမှ ၎င်း၏မော်တော်ဆိုင်ကယ်နောက်သို့ လိုက်ပါလာပြီး သေနတ်ဖြင့် ၂ ချက် ပစ်သတ်သွားသည့်အပြင် ထိုအမျိုးသမီးတွင်ပါလာသော ကျပ် ၃၂၀၀၀၀ ကိုပါ လုယက်ယူဆောင်သွားကြောင်း သိရသည်။
“အခုဆိုရင် တော်လှန်ရေးလုပ်တယ်ဆိုပြီး ကောင်းရောင်း ကောင်းဝယ်လုပ်စားနေတဲ့သူတွေကိုပါ သတ်လာတယ်။ အဲဒါတင်မကသေးဘူး။ ပါလာတာတွေပါ အကုန်ယူကြတော့ အကြမ်းဖက်ပြီး ဓားပြတိုက်နေသလိုဖြစ်နေပြီ။ ခေတ်ကာလကြီးကိုက အရမ်းကြောက်စရာကောင်းနေတဲ့ခေတ် ရောက်နေတယ်။ ရှေ့က ကိုယ်ကသာသွားနေတာ နောက်ကျောမလုံတော့ဘူး။ ဘယ်တော့ ငါ့များလာသတ်ခံရမလဲဆိုပြီး စိုးရိမ်းကြောင့်ကြနေရတယ်”ဟု ဒေသခံတစ်ဦးက MT News သို့ ရင်ဖွင့်သည်။
အကြမ်းဖက်သမားများ၏ လုယက်သတ်ဖြတ်ခံရသူ အဆိုပါအမျိုးသမီးသည် လည်ပင်းတွင် ကျည်ဖောက်ဝင်သည့် ဒဏ်ရာ ၂ ချက်ရရှိကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မလှိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။