◾️ရင်သွေးမွေးဖွားပြီး သေဆုံးနေသည့် မိခင်နှင့် ချက်ကြိုးတန်းလန်းကလေးငယ်ကို တွေ့ရှိကယ်ဆယ်ခဲ့ခြင်းဖြစ်
၈. ၂. ၂၀၂၃
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးနေသော အိုးအိမ်အပျက်အစီးများအောက် မွေးဖွားခဲ့သည့် ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ရင်သွေးမွေးဖွားပြီး သေဆုံးနေသည့် မိခင်နှင့် ချက်ကြိုးတန်းလန်းကလေးငယ်ကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက် နံနက်အစောပိုင်းက တူရကီနှင့် ဆီးရီးယားနိုင်ငံနယ်စပ် တူရကီပိုင်နက်အတွင်းရှိ ဂါဇီယန်တက်မြို့ အနီး လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နှစ်နိုင်ငံစလုံးတွင် တိုက်တာအဆောက်အအုံအများအပြားပြိုကျကာ အပျက်အစီးများအောက်တွင် ဒေသခံပြည်သူများအများအပြားပိတ်မိနေခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့များက အဆောက်အအုံအပျက်အစီးများအောက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရာ၌ တူရကီနယ်စပ်အနီးရှိ ဆီးရီးယားနိုင်ငံအတွင်းမှ ဂျင်ဒီးရီးစ်မြို့တွင် အပျက်အစီးပုံများအောက်မှ မွေးကင်းစ ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီ ၆ ရက်ကပင် ပြန်လည်တွေ့ရှိခဲ့ကြကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများက ငါးထပ်တိုက်အဆောက်အအုံ၏ ပြိုကျအပျက်အစီးများအောက်၌ ရှာဖွေနေစဉ် ကလေးငိုသံကိုကြားရပြီး မွေးကင်းစ မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြသည်။ ကလေးငယ်မှာ ၎င်း၏ချက်ကြိုးက မိခင်ဖြစ်သူနှင့်ဆက်လျက်ရှိနေသေးသည်ကို တွေ့ကြရရာ ငလျင်ကြောင့် အဆောက်အအုံပြိုကျပြီးနောက် ထို ပြိုကျနေသောအပျက်အစီးများအောက်တွင် မွေးဖွားခဲ့ခြင်းဟုယူဆရသည်။ ကယ်ဆယ်ရေးသမားများက ကလေးငယ်အား ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ကြခြင်းဖြစ်ရာ ၎င်းအားမွေးဖွားပြီးနောက် အပျက်အစီးပုံများအောက်တွင် ၁၀ နာရီကျော်ကြာပိတ်မိနေခဲ့ခြင်းဟု ကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။ ကလေးငယ်အားအနီးရှိ အက်ဖရင်မြို့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းသိရသည်။
ကလေးငယ်၏မိခင်မှာ အက်ဖရာ အဘူဟာဒီရာ အမည်ရှိပြီး ၎င်းမှာမူ အပျက်အစီးများအောက်တွင် သေဆုံးနေသည်ကို တွေ့ကြရသည်။ အဆိုပါ ကလေးငယ်မှာ ဂျင်ဒီးရီးစ်မြို့ရှိ ငလျင်ကြောင့် အဆိုပါ ငါးထပ်တိုက်အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် ၎င်း၏မိသားစုအတွင်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ကြောင်း ဆွေမျိုးတစ်ဦးက ပြောခဲ့သည်။
Ref–npr