၈. ၂. ၂၀၂၃
Written by Ye Kyaw
ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍ စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များနှင်တွေ့ဆုံစဉ် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့စေရေးတို့အတွက် တစ်နိုင်ငံလုံးရှိ လမ်း၊ တံတားများကိုလည်း ကောင်းမွန်စေရေး ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသအလိုက် သာယာလှပရေးအတွက်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ခရီးသွားများ လာရောက်ခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ်သဖြင့် ဒေသသို့လာရောက်လိုစိတ်များ ဖြစ်ပေါ်လာစေရေး ဒေသသာယာလှပမှုများနှင့် ဒေသထုတ်ကုန်ပစ္စည်းကို အရည်အသွေးမြင့်တင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူအများသိရှိစေရေး ကြေညာပေးရန်လည်းလိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။