၇. ၂. ၂၀၂၃
Written by Nay Moe
နွေဦးတော်လှန်ရေး၏ သုံးနှစ်မြောက်နှစ်ပတ်လည်မရှိစေရအောင် ဝိုင်းဝန်းကြိုးစားပေးရန် NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်သည့် NUG အစိုးရ၏ ၅ ကြိမ်မြောက်အစည်းအဝေးတွင် ပြောသည်။
နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်တွင် SAC အစိုးရအား ရက်ပိုင်းလပိုင်းအတွင်း ဖြုတ်ချမည်ဟု ဆိုခဲ့သော်လည်းမဖြစ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ်မှာ တော်လှန်ရေးအောင်ပွဲနှစ်ဟု ထပ်မံပြင်ဆင် ကြုံးဝါးခဲ့သော်လည်း ပျက်ပြားခဲ့သည်အတွက် ၂၀၂၃ ခုနှစ်အား အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်အဖြစ် ပြင်ဆင်ကြွေးကြော်ထားသည့် NUG က ယနေ့တွင် ထိုသို့ သုံးနှစ်မြောက်နှစ်ပတ်လည်မရှိစေရန် NUG အဖွဲ့ဝင် ဝန်ကြီးများအားလုံးနှင့် တော်လှန်ရေးအစုအဖွဲ့များ အားလုံးအတူ တညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြရန် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုလာခြင်းဖြစ်သည်။
ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် မြို့နယ် ၃၇ ခုမှာလည်း NUG က ကြားကာလအစိုးရအဖြစ်အုပ်ချုပ်နေသည့် နေရာများပါဝင်နေသလို ချင်း၊ ကရင်နီစသော ဒေသများမှာလည်း ပြည်နယ်အလိုက်အုပ်ချုပ်နေသော ဒေသများဖြစ်ပြီး ကြိုတင်ကာကွယ်ပြင်ဆင်ရန်လည်း မန်းဝင်းခိုင်သန်းက ပြောသည်။
“စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၃၇ မြို့နယ်ဟာဆိုရင် ကျွန်တော်တို့ NUG အနေနဲ့ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေစီမံရင်း ကျွန်တော်တို့ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေအဖြစ် ဆောင်ရွက်နေတဲ့ မြို့နယ်တချို့ပါဝင်သလို ချင်းတို့၊ ကရင်နီတို့မှ မြို့နယ်တွေဟာဆိုရင်လည်း ပြည်နယ်အလိုက် အုပ်ချုပ်ရေး စီမံခန့်ခွဲနေတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ Focal Department အဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနများအနေနဲ့ စနစ်တကျ သေချာတိုင်ပင် ဆွေးနွေးပြီး စီမံဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ စီမံဆောင်ရွက်မယ့် ပုံစံတွေကိုလည်း ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှာ သေချာချပြ တိုင်ပင်ဆွေးနွေးပေးမယ်ဆိုရင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့လို ပြင်ဆင်ထားရမယ့် ဝန်ကြီးဌာနတွေအနေနဲ့လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်သလို ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနတို့လို ဌာနတွေကလည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်လို့ အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်”ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။