၇. ၂. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအတွင်း ဆာမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလီ ခရိုင်တွင် သမီးဖြစ်သူနှင့် အတူတကွနေထိုင်သည့် အသက် ၅၆ နှစ်ရှိ မြန်မာနိုင်ငံသားတစ်ဦးမှာ ၎င်းတို့ငှားရမ်းနေထိုင်သည့် ပြတင်းပေါက်သံတိုင်တွင် ကြိုးတစ်ချောင်းဖြင့်ချည်၍ မိမိကိုယ်မိမိ သတ်သေခဲ့မှု ဖေဖော်ဝါရီ ၆ ရက် ညက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ ဦးစောအောင်ထွန်းသိန်းအမည်ရှိပြီး သမီးဖြစ်သူ၊ သမီး၏ အမျိုးသားလက်တွဲဖော်တို့နှင့်အတူ ဘန်ပလာ ခရိုင်ခွဲရှိ ရွာတစ်ရွာမှ နှစ်ထပ်တိုက်တန်းလျားတစ်ခုတွင် နေထိုင်ကြခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက် ညကိုးနာရီခန့်တွင် ရဲတပ်ဖွဲ့သို့အကြောင်းကြား၍ သွားရောက်ခဲ့သောအခါ ၎င်းမှာအခန်းအပြင်ဘက် ဝရန်တာ၌ ပြတင်းပေါက်သံတိုင်တစ်ခုတွင် လည်ပင်းကို နိုင်လွန်ကြိုးအစိမ်းနှင့်ချည်ကာ ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ လက်နှစ်ဖက်ကိုကြိုးဖြင့်ချည်ထားပြီး ခန္ဓာကိုယ်တွင် ရိုက်နှက်ဒဏ်ရာတစ်စုံတစ်ရာ မတွေ့သောကြောင့် မိမိ ကိုယ်မိမိသတ်သေမှုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆခဲ့သည်။
၎င်း၏သမီးဖြစ်သူက သူမဖခင်မှာ အလုပ်လက်မဲ့လည်းဖြစ်၍ စကားပင်သိပ်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်မှာ လအတန် ကြာပြီဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ပြန်ချင်ပြီဖြစ်သော်လည်း သူ၏ကလေးအားလုံးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြ၍ ဖခင်အားပြန်ခွင့်မပေးခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းနှင့် အမျိုးသားတွဲဖော်တို့မှာ ဖေဖော်ဝါရီ ၆ ရက် နံနက်က အလုပ်သို့သွားခဲ့ကြပြီး ည ၈ နာရီခွဲတွင် အိမ်ပြန်လာချိန်၌ ဖခင်က ယခုကဲ့သို့ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ဖခင်ဖြစ်သူမှာ ကြာမြင့်စွာ အလုပ်လက်မဲ့ဖြစ်မှုကြောင့် စိတ်ဓာတ်ကျဆင်းကာ မိမိကိုယ်မိမိ သတ်သေသွားခဲ့ခြင်းဖြစ်ဟန်တူကြောင်းလည်း ပြောခဲ့သည်။ သေဆုံးသူ၏ခန္ဓာကိုယ်အား ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရန် ဒေသတွင်းဆေးရုံတစ်ရုံသို့ ယူဆောင်သွားကြောင်းသိရသည်။
Ref—-Bangkok Post