October 23, 2024

၇. ၂. ၂၀၂၃
Written By Myo Khine

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖ့ဖရာမြို့နယ်၊ ခရီလာဘ်ရွာ စိုက်ပျိုးရေးခြံဝင်းအတွင်း၌ တူးဖော်နေသည့် အဝီစိတွင်းရေပိုက်လိုင်းထဲသို့ ၁၆ နာရီခန့်ကြာအောင် ပြုတ်ကျနေသည့် အသက် ၁ နှစ်ခွဲအရွယ် မြန်မာကလေးငယ်တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သမားများအရေး ကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါ ကလေးငယ်မှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီခန့်က အဝိစီတွင်းထဲပြုတ်ကျခဲ့ခြင်းဖြစ်ကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြုတ်ကျခဲ့သည့်တွင်း၏ ၁၅ မီတာ အနက်တွင် ကလေးငယ်ကို ကယ်ဆယ်ရေးသမားက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းဒေသတွင်း Khaosod English သတင်း၌ ရေးသားထားသည်။

“ထိုင်းက အာဏာပိုင်အဖွဲ့အစည်းတွေ၊ ပရဟိတသမားတွေ ကူညီကယ်ဆယ်ရေးလုပ်တယ်။ စက်ယန္တရားကြီး တွေပါတယ်။ မြေတူးတဲ့ စက်တွေလေ။ ကလေးက လမ်းလျှောက်တာ ကားကား ကားကားနဲ့ မမြဲတမြဲပေါ့။ လမ်းစမ်းလျှောက်ကာစဆိုတော့လေ။ သတိထားနေတဲ့ကြားကနေ ဖြစ်တာ။ အခုမနက်တော့ အသက်ရှင်လျက် ကယ်နိုင်ခဲ့ကြတယ်”ဟု အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သမားများအရေး ကူညီနေသူတစ်ဦးက MT News ကို ပြောသည်။

ပြုတ်ကျသွားသော ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး နာမည်မှာ မသဇင်မွှေး ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်သူများက ပိုက်လိုင်းဘေးမှာကပ်၍ မြေသားများကို တူးဖော်ကာ ကယ်တင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းခဲ့ကြရကြောင်း သိရသည်။

“လမ်းလျှောက်တတ်စ ကလေးငယ် ပြုတ်ကျသွားတဲ့အတွက် သူ့အမေ အော်ဟစ်အကူအညီတောင်းတယ်။ ၁၆ နာရီကြာ တူးဖော်ပြီးတဲ့နောက် ကလေးငိုသံတွေကိုလည်း ကယ်ဆယ်ရေးသမားတွေက ကြားနေရတယ်။တစ်မီတာလောက် တူးဖော်တဲ့အခါ ကျောက်တွေ ရှိတဲ့အတွက် ခက်ခဲတာကြောင့် သတိထားပြီး တူးဖော်တာတွေကိုလုပ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့တယ်”ဟု ထိုင်းဒေသတွင်း သတင်းများကလည်း ရေးသားဖော်ပြနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *