၇. ၂. ၂၀၂၃
Written by Ye Kyaw
စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှအကူအညီများကို ရယူမှုအနည်းဆုံးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့်သာ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ယုဇနဦးဌေးမြင့်၏ ရေလုပ်ငန်းစီမံကိန်းဖြစ်သည့် Global Earth Agro & Aqua Industry Public Co., Ltd မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များကို သွားရောက်စစ်ဆေးခဲ့စဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေးမြှင့်တင်ရေးအတွက် SAC အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှ အကူအညီများကို ရယူမှုအနည်းဆုံးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောက်ရွက်လျှင် ကောင်းမွန်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန် အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd သည် သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံးငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ ငါးပေါင်းမှုန့်နှင့် အစာတောင့်ထုတ်လုပ်ခြင်းတို့ပါဝင်သည့် စီမံကိန်းကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သိပ္ပံနည်းကျဖြင့် ငါးတန်အထီး၊ အမ (Breeders) တစ်သိန်းနှစ်သောင်းကို ပြုစုထားရှိပြီး နေ့စဉ်ငါးသားပေါက်(ငါးမှုန်) သိန်း ၄၀ ကောင်ရေကို ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ငါးသန်/ငါးဖြန်း ကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါးကောင်ရေသိန်း ၂၅၀ ခန့်အား မွေးမြူထားရှိကြောင်း သိရသည်။