October 23, 2024

◾️ နောက်ဆက်တွဲငလျင်ပေါင်း အနည်းဆုံး ၁၀၀ ခန့်ထပ်မံလှုပ်ခတ်

၇. ၂. ၂၀၂၃
Translated by Htwe Ko Tun

တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ဆီးရီးယားနိုင်ငံနယ်စပ်အနီးရှိ ဂါဇီယန်တက်မြို့အနီးတွင် ဖေဖော်ဝါရီ ၆ ရက် နံနက်၊ ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ်တွင်လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ ဖေဖော်ဝါရီ ၇ ရက် နံနက်အထိ နှစ်နိုင်ငံစုစုပေါင်း အနည်းဆုံး ၄,၃၀၀ ကျော်အထိမြင့်တက်လာခဲ့ကြောင်း နှစ်နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ငလျင်ကြောင့် တူရကီနိုင်ငံတွင် သေဆုံးရသူပေါင်းမှာ ဖေဖော်ဝါရီ ၇ ရက် နံနက်တွင် ၂,၉၂၁ ဦး အထိမြင့်တက်လာခဲ့ကြောင်း၊ ဒဏ်ရာရသူများမှာလည်း ၁၅,၈၃၄ ဦးအထိ ရှိလာကြောင်း တူရကီနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်း အကြီးအကဲ ယူနပ်စ် ဆီဇာက အန်ကာရာမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောခဲ့သည်။

ငလျင်ကြောင့် အိမ်နီးချင်းဆီးရီးယားနိုင်ငံအတွင်းတွင် အစိုးရထိန်းချုပ်ထားသောနယ်မြေများ၌ သေဆုံးသူ ၇၁၁ ဦးရှိလာပြီဖြစ်ကြောင်းလည်း နိုင်ငံပိုင် SANA သတင်းဌာနက ကြေညာခဲ့သည်။ ငလျင်ဒဏ်ခံရသည့် တူရကီနိုင်ငံနယ်စပ်၊ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အစိုးရ ထိန်းချုပ်မထားနိုင်သောနယ်မြေများတွင်လည်း ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းများအရ သေဆုံးသူ ၇၄၀ ဦးရှိကြောင်းသိရရာ ဆီးရီးယားနိုင်ငံအတွင်း ငလျင်ကြောင့်သေဆုံးသူဦးရေ ၁,၄၅၁ ဦးအထိ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၇ ရက်နံနက်အထိ တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံတွင် ငလျင်ကြောင့်သေဆုံးသူဦးရေ စုစုပေါင်းမှာ အနည်းဆုံး ၄,၃၇၂ ဦးရှိလာပြီဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၆ ရက် တွင် တူရကီနိုင်ငံ တောင်ပိုင်း၌ လှုပ်ခတ်ခဲ့သော ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်အပြီးတွင် ရစ်ချ်တာစကေး ၄ (သို့မဟုတ်) ထိုထက်ပိုသော နောက်ဆက်တွဲငလျင်ပေါင်း အနည်းဆုံး ၁၀၀ ခန့် ထိုဒေသအတွင်း လှုပ်ခတ်သွားသေးကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ကြေညာခဲ့သည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *