October 23, 2024

MT News

Written By Myo Khine

ယူနက်စကိုဝင်ရေးလုပ်ဆောင်နေသည့် မြောက်ဦးနန်းတော်ရာအတွင်း လမ်းခင်းနေမှုကို ဖေဖော်ဝါရီ ၆ ရက်တွင် သွားရောက်တားမြစ်ရာ ချက်ချင်းရပ်တန့်မည်ဟု သက်ဆိုင်ရာက ကတိစကားရခဲ့ကြောင်း မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက MT News သို့ ပြောသည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်း ပထမအထပ်တွင် ရှိသည့် မြေသားလမ်းကို ကျောက်တုံးများဖြင့် လမ်းခင်းရန်ပြင်ဆင်နေကြရာ ဒေသခံများက ဝေဖန်နေကြသည့်အပေါ် ၎င်းက သွားရောက်ကြည့်ရှုရာ လုပ်ကိုင်နေသည့် လုပ်ငန်းမှာ မှားယွင်းနေသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသွားရောက် ဟန့်တားခဲ့သည့်အတွက် ရပ်တန့်ပေးမည်ဟု ကတိစကားရခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပြသည်။

အဆိုပါ လမ်းခင်းရန်လည်း မည်သူ့ကိုမျှ အကြောင်း ကြားခဲ့ခြင်းမရှိကြောင်း၊ ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း တစ်ခုခု ခင်းရန် လုပ်ဆောင်နေကြသည်မှာ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်စေသည့်လုပ်ရပ်ဟုဆိုကာ ဝေဖန်နေကြခြင်းလည်း ဖြစ်သည်။

“နန်းတော်ကုန်းပေါ်မှာ သန့်ရှင်းသာယာလှပရေးအတွက် စီမံချက်နဲ့ ဆောင်ရွက်တာကို ကျွန်မတို့ ကြိုဆိုပါတယ်။သို့သော်လည်း လုပ်ကိုင်မှုအမှားအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကြောင့် ကျွန်မသွားရောက် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ဒါမျိုးမလုပ်သင့်ဘူး။ အခုလုပ်နေတဲ့ ဒီလမ်းကို ပြန်ပြီးနဂိုအတိုင်းလုပ်ဆောင်ပေးဖို့ သွားရောက်တောင်းဆိုတဲ့အခါ သူတို့က လက်ခံပါတယ်။နောက်ထပ် စီမံကိန်းတွေ လုပ်ရင်လည်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့နဲ့ ပြည်သူလူထုကို ပညာပေးတာတွေ လုပ်ဖို့အတွက် လိုအပ်မယ်ဆိုတဲ့အကြောင်း။ ဒီလိုမျိုးထပ်မံပြီး အမှားတွေ မဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းတွေကို ပြောခဲ့ပါတယ်။ ကျွန်မက အဲဒါကို လုပ်နေတာ လုံး၀ မသိလိုက်ရဘူး။ ဒီနေ့မနက် လူတွေ ပြောနေတာများနေတယ်။လူမှုကွန်ရက်တွေမှာလည်း တက်နေတယ်။ ဒါကြောင့် သွားကြည့်တဲ့အခါ ဟုတ်ပါတယ်။ မှားနေပါတယ်။ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်နေပါတယ်။ ဒါကြောင့် သွားပြောတာ ဖြစ်ပါတယ်။ ဒီဟာကို မလုပ်ပါနဲ့။ မလုပ်လည်း မလုပ်သင့်ပါဘူး။ နောက်တစ်ခုက ပြည်သူတွေကလည်း မနှစ်သက်ပါဘူး။ဒါကြောင့် ဒီလုပ်ငန်းကို ချက်ချင်းရပ်တန့်ပေးပါလို့ ပြောခဲ့ပါတယ်။ နောက်ထပ်လုပ်မယ့် စီမံကိန်းတွေကိုလည်း အသိပေးဖို့ ပြောခဲ့ပါတယ်။ လူထုကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ပြောခဲ့ပါတယ်။ ပြောပြမယ်လို့လည်း ထင်ပါတယ်။ အခု လုပ်နေတဲ့လုပ်ငန်းကိုတော့ သူတို့ ချက်ချင်းရပ်ပြီးတော့ အဲဒီက ကျောက်တွေကိုလည်း ပြန်ဖယ်ပေးပါ့မယ်ဆိုပြီးတော့ အာမခံချက် ရခဲ့ပါတယ်”ဟု ယင်းက ပြောသည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်ကစ၍ ကွင်းဆင်းလုပ်ငန်း စတင်ခဲ့ကြောင်း ၊ ယခုအခါ အပြီးသတ်ကွင်းဆင်းလုပ်ငန်းများ မပြုလုပ်ရသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခု ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်မည် ၊ မဝင်မည်ကို ယူနက်စကိုက ဆုံးဖြတ်မည် ဖြစ်သော်လည်း လတ်တလောတွင် အခြေအနေကို တိတိကျကျ မသိရသေးပေ။

ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ်အဆိုပြုလွှာ အချောကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က ပြင်သစ်နိုင်ငံ သံအမတ်ကြီး ၊ မြန်မာနိုင်ငံ၏ယူနက်စကိုဆိုင်ရာ သံအမတ်ကြီးက တစ်ဆင့် ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ပြည့်နှစ်တွင် ရခိုင်ဘုရင်မင်းစောမွန် စတင်တည်ထောင်ခဲ့ကာ နှစ်ပေါင်း ၃၅၄ နှစ်တိုင်တိုင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ကြကြောင်းလည်း ရခိုင်သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *