October 23, 2024

MT News

Written by Min Mahar

ဘုရားဌာပနာအတွက် အလှူလက်ခံနေသော အလှူခံဌာနအား သေနတ်သမားများက သေနတ်၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်သောကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု စဉ့်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြိုနယ်၊ မြို့မရပ်ကွက်ရှိ အရုဏ်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံ၌ နေပြည်တော် ၌ တည်ဆောက်ပူဇော်လျှက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်နိုင်ရေးအတွက် အလှူခံနေသည့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းဦးဆောင်သည့်အလှူခံအဖွဲ့အား PDF အဖွဲ့မှ အမျိုးသား (၃) ဦးက သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်သွားခဲ့ကြကြောင်း သိရသည်။

” အလှူခံနေတဲ့အဖွဲ့ကို လူ ၃ ယောက်က ရောက်လာပြီးတော့ သေနတ်တွေနဲ့လည်းပစ်တယ်။ လက်ပစ်ဗုံးနဲ့လည်းထုခဲ့ကြသေးတယ်။ တစ်ယောက် ဒဏ်ရာရပြီး တစ်ယောက်သေသွားတယ်လို့ကြားတယ်။ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အခုလိုလူတွေကို ရမ်းပစ်၊ ရမ်းသတ်နေတာတော့ တော်တော်ဆိုးဝါးလွန်းတဲ့ဖြစ်ရပ်တွေပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ဒုမြိုနယ်အုပ်ချုပ်ရေးမှူးသည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ရာအိမ်မှူး ဦးအုံးကြိုင်ဆိုသူမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *