October 23, 2024

MT News

Written by Min Mahar

အောင်မြေသာစံမြို့နယ်ရှိ အင်းဝဘဏ်(မန္တလေးဘဏ်ခွဲ) လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် လမ်းပေါ်တွင်သွားနေသောကားပေါ်မှ ယာဉ်မောင်းတစ်ဦး ဗုံးစထိမှန်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂ နာရီ ၃၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၆ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ အင်းဝဘဏ်လီမီတက် မန္တလေးဘဏ်ခွဲကို အမည်မသိအမျိုးသားလူငယ် ၂ ဦးက ဆိုင်ကယ်တစ်စီးပေါ်မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နေ့လည် လူစည်ကားနေတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်က ၈၄ လမ်းအတိုင်း တောင်ကနေမြောက်ဘက်ကိုမောင်းလာပြီး ဘဏ်ရှေ့အရောက်မှာ အနောက်ကလူက လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခဲ့ပြီး မောင်းပြေးသွားတာ။ အဲဒီမှာစောင့်နေတဲ့ စစ်သားကလည်း လှမ်းပစ်လို့ရတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ လူတွေအရမ်းများနေတော့ အခြားပြည်သူတွေထိမှာစိုးလို့ မပစ်တာလို့ပြောသံကြားလိုက်တယ်”ဟု ဘဏ်အနီးတွင်စျေးရောင်းနေသော ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဘဏ်အရှေ့တွင်ရှိသော ATM ငွေထုတ်စက်အဝင်မှန်တံခါးအောက်ပိုင်း အနည်းငယ်ကွဲအက်သွားခဲ့ပြီး ဗုံးပေါက်ကွဲမှုအနီး၌ရှိနေသော Light Truck အဖြူရောင်ယာဉ်မောင်းနှင်လာသူအမျိုးသားတစ်ဦး ယာနားအောက် ဗုံးစထိမှန်(မစိုရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ၎င်းဘဏ်သည် ၂၆ လမ်းနှင့် ၈၄ လမ်းဆုံရာ မီးပွိုင့်တွင်ရှိသောကြောင့် အလွန်လူစည်ကားသောနေရာတစ်ခုလည်းဖြစ်ပြီး ဘဏ်၏အနောက် တောင်(မျက်စောင်းထိုး)ဘက်တွင်လည်း စျေးချိုစျေးကြီးရှိနေသဖြင့် မန္တလေးမြို့၏ အထင်ကရ နေရာတစ်ခုလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *