◾နျူကလီးယား ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပေးရန် သဘောတူညီမှု ရရှိထား
MT News
၆. ၂. ၂၀၂၃
နျူကလီးယားနည်းပညာ အသုံးချနယ်ပယ်(၁၄)ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာ-ရုရှား လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာများစတင်အသုံးပြုနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM)တို့အကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” က CEO တို့က St. Petersburg မြို့၌ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြု သဘောဆောင်သည့် သဘောထားအမြင်များ ရရှိလာစေရေးအတွက် နားလည်မှု စာချွန်လွှာ (၂) စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယခု နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီးပါက ပြည်သူလူထုမှ နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး နားလည်သဘော ပေါက်လာ စေရန်အတွက် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေး လုပ်ငန်းများကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ စင်တာတွင် ကျောင်းသားလူငယ်တွေသာမက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များပါ နျူကလီးယားစွမ်းအင်ဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်မည် ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြ မြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသလို ယနေ့တွင်လည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ်(၁၄)ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အုံ တည်ထောင်နိုင် ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါ အချက်(၁၉)ချက်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ထို့အတွက်လည်း အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ကြသည်။
မြန်မာ့နျူကလီးယားအစီအစဉ်ကို ပံ့ပိုးပေးသည့် ROSATOM အဖွဲ့အစည်းသည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ပနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာ၌ လုံလောက်သည့် အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်မှုများရှိသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် ROSATOM ၏အကူအညီဖြင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာထူထောင်နိုင်သည်ကို များစွာနှစ်ထောင်းအားရ ဖြစ်မိသည့်အပြင် ROSATOM ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် Small Modular Reactor (SMR) တည်ဆောက် လည်ပတ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မြှင့်တင်နိုင်မည် ဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသော ကျွမ်းကျင် ပညာရှင်များ မွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချစွာဖြင့် ဘေး အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ROSATOM က တာဝန်ရှိသူများကိုကျေးဇူးတင်ရှိကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်က နျူကလီးယား ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးကိစ္စရပ်များတွင် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်သဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရလာဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက် ဆောင်ရွက်ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
ယနေ့ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပို ရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန တို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ကနဦး အနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ နျူကလီးယား နည်း ပညာ သတင်းအချက်အလက်စင်တာတည်ဆောက်ခြင်းအားဖြင့် နျူကလီးယား စွမ်း အင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ အသုံးချနိုင်သည့် အသိအမြင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အနေဖြင့် လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။