◾နောက်ဆက်တွဲအဖြစ် တူရကီတွင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ရှိ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်
၆. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ဆီးရီးယားနိုင်ငံနယ်စပ်အနီးရှိ ဂါဇီယန်တက်မြို့အနီးတွင် ဖေဖော်ဝါရီ ၆ ရက် နံနက်၊ ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ နှစ်နိုင်ငံစုစုပေါင်း အနည်းဆုံး ၁,၄၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော ကြေညာချက်များအရ သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ(မြန်မာစံတော်ချိန် ၁၈း၃၀ နာရီ)တွင် ထုတ်ပြန်သော တရားဝင်စာရင်းများအရ ငလျင်ကြောင့် တူရကီနိုင်ငံတွင် လူ ၉၁၂ ဦးသေဆုံးကာ ၅,၃၈၃ ဦးဒဏ်ရာရခဲ့ပြီး အဆောက်အအုံ ၂,၈၁၈ ခုပြိုလဲခဲ့ကြောင်းသိရသည်။ ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနကလည်း ငလျင်ကြောင့် လူ ၃၂၆ ဦးသေဆုံးကာ ၁,၀၄၂ ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ငလျင်ဒဏ်ခံရသည့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အစိုးရ ထိန်းချုပ်မထားနိုင်သောနယ်မြေများတွင် ကယ်ဆယ်ရေးအဖွဲ့များ၏စာရင်းများအရ သေဆုံးသူ ၂၂၁ ဦးရှိကြောင်းသိရသဖြင့် ငလျင်ကြောင့်သေဆုံးသူဦးရေ စုစုပေါင်းမှာ နှစ်နိုင်ငံပေါင်း ၁,၄၅၉ ဦးရှိပြီဟု အတည်ပြုပြောကြားကြသည်။
ပထမငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကိုးနာရီကျော်အကြာ ဒေသစံတော်ချိန် ၁ နာရီ၂၄ မိနစ်တွင် တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ခါရာမန်မာရာမြို့၏ အရှေ့မြောက် ၆၇ ကီလိုမီတာ(၄၂ မိုင်)အကွာကိုဗဟိုပြုလျက် ရစ်ချတ်တာစကေး ၇ ဒသမ ၅ ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလူပ်ခတ်ခဲ့သေးကြောင်း သိရသည်။ အဆိုပါအင်အားပြင်းငလျင်က မြေအနက် ၂ ကီလိုမီတာတွင် ဗဟိုပြုခဲ့ခြင်းဖြစ်ရာ တုန်ခါမှုပြင်းထန်ပြီး ငလျင်၏ဒဏ်ကို ဆီးရီးယားမြို့တော် ဒမတ်စကပ်မှပင်ခံစားခဲ့ရသည်။
Ref-The Guardian