၆. ၂. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်အစိုးရက ရာသီဥတုလေ့လာသည့် မိုးပျံပူဖောင်းတစ်ခုသာဖြစ်ပြီး အမေရိကန်နိုင်ငံလေပိုင်နက်အတွင်း မတော်တဆ လမ်းကြောင်းမှားရောက်ရှိသွားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည့် မိုးပျံပူဖောင်းအား အမေရိကန်လေတပ်မှ F-22 တိုက်လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၄ ရက်က ပစ်ချခဲ့ကြောင်း သိရသည်။
ထိုကဲ့သိုပစ်ချခဲ့မှုနှင့်ပတ်သက်၍ တရုတ်အစိုးရဘက်ကလည်း အလားတူအခြေအနေများရှိလာခဲ့မည်ဆိုလျှင် တရုတ်အစိုးရအနေနှင့် တုံ့ပြန်အရေးယူဆောင်ရွက်ရန် အခွင့်အရေးရှိလိမ့်မည်ဟု ပြောခဲ့သည်။ တရုတ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တန်ကီဖေးက အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်နိုင်ငံ၏ အရပ်ဘက်ဆိုင်ရာလေသင်္ဘောပူဖောင်းအား အင်အားအသုံးပြု၍ ပစ်ချခဲ့ခြင်းက သိသာထင်ရှားလှသော လွန်ကဲသည့်တုံပြန်မှုတစ်ရပ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေနှင့် ထိုသို့ပြုမူမှုကို ဆန့်ကျင့်ကြောင်းပြောခဲ့သည်။
သို့ရာတွင် အမေရိကန်ဘက်ကမူ ၎င်း မိုးပျံပူဖောင်းက တရုတ်အစိုးရ၏ အမေရိကန်နိုင်ငံအပေါ် လွှတ်တင်ထားသော ထောက်လှမ်းရေးသူလျှိုပူဖောင်းဟု စွပ်စွဲပြောကြားခဲ့သည်။ ထို့နောက် မိုးပျံပူဖောင်းပင်လယ်ရေပြင်ပေါ်သို့ ရောက်ရှိနေချိန် တောင်ကယ်ရိုလိုင်းနားပြည်နယ်၏ Surfside သဲသောင်ကမ်းခြေအလွန်တွင် အမေရိကန်လေတပ်မှ တိုက်လေယာဉ်က ဖေဖော်ဝါရီ ၄ ရက်တွင် ပစ်ချခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၅ ရက်တွင် အမေရိကန်စစ်ဖက်က ပစ်ချခဲ့သော တရုတ်မိုးပျံပူဖောင်း၏ အကြွင်းအကျန်၊ အပိုင်းအစများကို လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်ရေတပ်က တရုတ်မိုးပျံပူဖောင်းအပိုင်းအစများအား ပင်လယ်ပြင်အတွင်းလိုက်လံရှာဖွေလျက်ရှိပြီး ရှာဖွေတွေ့ရှိခဲ့ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးစွမ်းဆောင်နိုင်စွမ်းကို အတွင်းကျကျသိနိုင်မည်ဟု မျှော်လင့်ထားကြသည်။
Ref—-CNN