၆. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ မာလာတာရာပြည်နယ်အတွင်း၊ ဆီးရီးယားနိုင်ငံနှင့်နယ်စပ်အနီးရှိ ဂါဇီယန်တက်မြို့အနီးတွင် ဖေဖော်ဝါရီ ၆ ရက် နံနက်အစောပိုင်းးက ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံအများအပြားထိခိုက်ပျက်စီးမှုရှိခဲ့ပြီး တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံစလုံး၌ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်းသိရသည်။
ငလျင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၇ မိနစ် (၀၁း၀၇ ဂရင်းနစ်စံတော်ချိန်)တွင် ဂါဇီယန်တက်မြို့အနီး မြေအောက် ၁၇ ဒသမ ၉ ကီလိုမီတာ(၁၁ မိုင်)အနက်ကို ဗဟိုပြုလျက်လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ကြေညာချက်ထုတ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများယိမ်းခါသွားခဲ့ကာ ဒေသတွင်းရှိအဆောက်အအုံများပေါ်မှ လူအများအပြား လမ်းပေါ်သို့ဆင်းပြေးခဲ့ကြသည်။
သတင်းဗီဒီယိုများတွင် ပျက်စီးပြိုလဲနေသော အဆောက်အအုံအများအပြားကို တွေ့ရှိကြရကာ ပြည်သူအများအပြားမှာ လမ်းများပေါ်၌သာ ကြောက်လန့်စုရုံးနေသည်ကိုတွေ့ကြရသည်။ အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သူများလည်းရှိနေကြရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အပျက်အစီးများကြားဆောင်ရွက်နေကြသည်ကို တွေ့ကြရသည်။
ငလျင်ဒဏ်ကို တူရကီနိုင်ငံမြို့တော် အန်ကာရာနှင့် အခြားသောမြို့ကြီးများကပါ သိသိသာသာခံစားကြရသည်။ ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း နိုင်ငံမြောက်ပိုင်း အစ်ဒလစ်နှင့် အလက်ပိုပြည်နယ်များက ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရပြီး ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းအထိ နောက်ဆုံးရရှိသောသတင်းများအရ ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံတွင် ၅၃ ဦးသေဆုံးကာ ဆီးရီးယားနိုင်ငံအတွင်း ၄၂ ဦးသေဆုံးခဲ့ပြီး နှစ်နိုင်ငံစလုံး၌ဒဏ်ရာရသူ ရာပေါင်းများစွာရှိကြောင်းလည်း သိရသည်။
ပြင်းထန်သောနောက်ဆက်တွဲငလျင်များက နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဆက်လက်လှုပ်ခတ်လာနိုင်သေးကြောင်း ခန့်မှန်းထားကြပြီး ငလျင်ကြောင့်သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်သေးကြောင်းသိရသည်။
Ref-Hindustan Times