MT News
Written By Thandar
ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော်ဆိုဖီယာမှာ ကျင်းပခဲ့တဲ့ Mrs Universe 2022 နိုင်ငံတကာ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအိမ်ထောင်ရှင်အလှမယ် မေသင်းကြည်က Mrs Universe Tolerance Special Award ဆုကို ရရှိခဲ့ပါတယ်။
“ Mrs Universe Tolerance Special Award ဆုကို ရယူပြီး ရည်ရွယ်ချက်တစ်ခု ပြီးမြောက်အောင်မြင်ပြီ ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ရှင်။ သဘောထားကြီးခြင်းကို ရည်ညွှန်းပါတယ်။ ဒီ ဆုလေးက မေသင်းနဲ့လည်း တကယ်လိုက်ဖက်တယ်ထင်ပါတယ်။ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ် ကမ္ဘာ့အကြီးဆုံးပွဲကြီး တစ်ခုမှာ ဝင်ရောက်ပါဝင်ဆင်နွှဲပြီး လိုက်ဖက်ညီတဲ့ ဆုကိုပိုင်ဆိုင်ခဲ့ရလို့လည်း ကျေနပ်ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ အဖက်ဖက်က ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ချစ်ခင်ရသူများကိုလည်း ကျေးဇူးအထူးတင်ပါတယ်”လို့ အိမ်ထောင်ရှင်အလှမယ် မေသင်းကြည်က ပြောပါတယ်။
Mrs Universe 2022 ပြိုင်ပွဲကြီးမှာတော့ National Costume ဝတ်စုံယှဉ်ပြိုင်မှုမှာလည်း မြန်မာကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် မေသင်းကြည်က “မဒီဟန်ချီ ဆေးရေးပန်းချီ” အမည်ရှိတဲ့ ရှေးတစ်ခေတ်က မြန်မာမင်းသမီးတစ်ပါးရဲ့ ဝတ်စုံကို Inspirer ယူပါတယ်။
ဒီဝတ်စုံကို မြန်မာ့ကြိုးကြီးချိတ် အဆင်၊ နားတောင်း၊ မြန်မာ့ပုလဲ၊ ဆံထိုး စတာတွေနဲ့ ထည့်သွင်းတီထွင်ဖန်တီးထားတဲ့ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှု အများအပြား ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးတစ်ဦးရဲ့ တင့်တယ်လှပတဲ့ အသွင်အပြင်၊ ခမ်းနားထည်ဝါတဲ့ မြန်မာရိုးရာ ဆင်ယင်ထုံးဖွဲ့မှုတွေကို တစိတ်တဒေသ ထင်ဟပ်စေပြီးတော့ မြန်မာ့ဆေးရေးပန်းချီကို High Light လုပ်ထားတဲ့ ဝတ်စုံဖြစ်တဲ့“မဒီဟန်ချီ ဆေးရေးပန်းချီ” ဝတ်စုံကို ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) က ဖန်တီးချုပ်လုပ်ထားတာဖြစ်ပါတယ်။
Mrs Universe 2022 နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကြီး Final ပွဲကိုတော့ ဖေဖော်ဝါရီ ၅ ရက်က ဘူလ်ဂေးရီးယားနိုင်ငံ၊ မြို့တော်ဆိုဖီယာ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉၈ နိုင်ငံမှ အလှမယ်များ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။