MT News
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့သည် ဖေဖော်ဝါရီ ၄ ရက်နေ့က Muang Prachuap Khiri Khan ပြည်နယ်ရှိ Ban Nong Kham မြို့၏ အမှတ် ၃ ရွာအနားတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၄၉ ဦးကိုဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များအဖွဲ့သည် အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုများကို ရှာဖွေဖမ်းဆီးရန် ကင်းလှည့်စောင့်ကြည့်နေချိန်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦးတွင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၄၉ ဦးသည် ရခိုင်၊ ရန်ကုန်၊ ချင်းပြည် နယ်တို့မှဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံ နယ်စပ်ဒေသကို တရားမဝင်ဖြတ်သန်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
၎င်းတို့သည် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန်အတွက် မြန်မာပွဲစားကို တစ်ဦးလျှင် ပွဲစားခအဖြစ်ထိုင်းဘတ် ၄၅၀၀၀ ပေးရပြီး ပွဲစားသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ စုစုပေါင်းပွဲစားခ ဘတ် ၂၂၀၅၀၀၀၀ လက်ခံရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ဖမ်းဆီးရမိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုယ်အပူချိန်စမ်းသပ်စစ်ဆေးခဲ့ပြီး အပူချိန် ၃၇ ဒသမ ၅ ဒီဂရီ ဆဲလ်စီယက်အထက်ကျော်လွန်သူမပါဝင်ကြောင်း၊ ၎င်းတို့ကိုလက်ရှိအချိန်တွင် နောက်ထပ်အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် Muang Prachuap Khiri Khan ရဲစခန်းကို လွှဲပြောင်းပေးထားကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် ထိုင်းနှင့်မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်မှုမြင့်တက်ခဲ့ပြီး တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သူများရှိသလို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရန် စီစဉ်မှုများရှိနေခဲ့ကြောင်း သိရသည်။
တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်သူများသည် ပွဲစားများမှတဆင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်သန်းကာ တရားမဝင်ဝင်ရောက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ref — matichon