ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Miss Charm International 2023 ပြိုင်ပွဲ မေသဇင်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
MT News
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Charm International 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေသဇင်ဦးက ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
“မေက ပြည်ပမှာ သွားရောက်ယှဥ်ပြိုင်မှာက ပထမဦးဆုံး အတွေ့အကြုံပါ။ ပြည်ပနိုင်ငံကို စာနယ်ဇင်း မိတ်ဆက်ပွဲအတွက် မေ အာဆီယံနိုင်ငံက သူငယ်ချင်းတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပြီးပါပြီ။ တခြားနိုင်ငံတွေက ပြိုင်ပွဲဝင်မယ့်သူတွေကို အရမ်းကို Support ပေးကြတယ်။ မေတို့ နိုင်ငံနဲ့မတူဘူးလေ။ အာဆီယံနိုင်ငံက သူငယ်ချင်းတွေက မေနဲ့ Type တူတဲ့သူတွေလည်း ပါတယ်လေ။ ပြိုင်ပွဲအတွက် ဝတ်စုံပြိုင်တွေနဲ့ သေချာပြင်ဆင်ခဲ့တယ်။ မေ့ အနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ အကောင်းဆုံး ရလဒ်တွေ ယူဆောင်လာပေးပါမယ်”လို့ Miss Charm International 2023 မေသဇင်ဦးက ပြောပါတယ်။
သူ့မက မြစ်ကြီးနားသူဖြစ်ပြီး Miss Universe Myanmar 2020 ရဲ့ Miss Universe Myanmar 2nd Runner Up ကိုရရှိထားသူလည်း ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပထမဆုံးအကြိမ် ကျင်းပသွားမယ့် Miss Charm Myanmar 2023 ပြိုင်ပွဲမှာ အလှမယ် မေသဇင်ဦးက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖေဖော်ဝါရီ ၃ရက်ကမြန်မာနိုင်ငံကနေ စတင်ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်သူမဆို ကိုယ့်နိုင်ငံက ပြိုင်ပွဲဝင်တွေကိုအားလုံး အားပေးစေချင်ပါတယ်။ ကိုယ့်နိုင်ငံကို ကိုယ်စားပြု ပြိုင်ကြတာမို့ တိုက်ခိုက်မျိုး မလုပ်စေချင်ဘူး။ လိုအပ်ချက်ကို ထောက်ပြပါ။ မေတို့ အားလုံးက ပြိုင်ပွဲအတွက်ကြိုးစားနေတဲ့သူမို့ အကောင်းဆုံး Support ပေးပါလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။