MT News
ထိုင်းနိုင်ငံ ဆာလာဘူရီ လုံဖော့လွီမှာ ဖေဖော်ဝါရီလ ၅ ရက်က ကျင်းပခဲ့တဲ့ ထိုင်းဖိုက်ပွဲရဲ့ ခေါင်ပွဲအဖြစ် ထိုးသတ်တဲ့ မြန်မာနိုင်ငံသား ကယန်းလက်ဝှေ့မယ် ဘရော်နီကာနဲ့ ဘရာဇီးလက်ဝှေ့မယ် ယူလီအဲဗက်စ်တို့ရဲ့ ထိုးသတ်ပွဲမှာ ဘရော်နီကာ အမှတ်နဲ့ နိုင်ခဲ့ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံးအမျိုးသမီးရွှေခါးပတ်ချန်ပီယံ ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံမှာ ထိုးသတ်နေချိန်မှာလည်း ထိုင်းတော်ဝင်ဘုရင့်ဖလားချန်ပီယံအဖြစ် ဂုဏ်တင့်နေသူပီပီ အလုံးအထည်ကြီးတဲ့ ဘရာဇီးသူ Yuly Alves ကို ယမန်နေ့က ပွဲမှာ အသာစီးက ထိုးသတ်ခဲ့တာပါ။
ပထမအချီမှာတင် ဘရော်နီကာရဲ့ ထိုးချက်တွေကြောင့် ကြိုးဝိုင်းထောင့်ပိတ်မိသွားတဲ့ ယူလီ ဟာ မရှုမလှထိုးသတ်ခံခဲ့ရသလို ဒုတိယအချီမှာလည်း ဘရော်နီကာရဲ့ လျှပ်စီးလက်သလို ထိုးချက်တွေက ယူလီ့ အတွက်တော့ နတ်ဆိုးမတစ်ယောက်ရဲ့ အငြိုးတကြီးတိုက်ခိုက်မှုတွေ ရင်ဆိုင်ရသလို ခဲခက်ခဲ့မှာပါ။
တတိယအချီကတော့ တရစပ်တိုက်စစ်ဆင်နေတဲ့ဘရော်နီကာကပဲ မဆုတ်တမ်းမရွံတန်းထိုးသတ်နေတာမြင်ခဲ့ရပါတယ်။ ဘရော်နီကာဟာ တိုက်စစ်သမားပါ။ သူမရဲ့ ပွဲတိုင်းဟာ အသည်းကောင်းလို့ပွဲတောင်းတယ်ဆိုတာ မပြောဘဲ နားလည်ရမဲ့သူ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တိုက်စစ်ပြီးတိုက်စစ်ဆင်ခဲ့လို့ သူမ တစ်ချက်ကျွံသွားတဲ့ တတိယအချီအပြီးသတ်လုမှာ Yuly က ဘရော်နီကာ့ကို လဲသွားအောင် အလစ်မှာ ဗိုက်ကိုတစ်ချက်ကန်နိုင်ခဲ့ပေမဲ့ ဒီကန်ချက်က သူမနိုင်ဖို့ကိုတော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ သုံးချီစလုံးအသာစီးက ထိုးလာတဲ့ ဘရော်နီကာ့ကို အနိုင်ပေးခဲ့ရပါတယ်။
ပွဲမှာ ဘရော်နီကာ ညံ့တယ်လို့ ပြောမယ်ဆိုရင်တော့ သေချာပါတယ်။ သူမဟာ ပထမအချီကတည်းက အလဲထိုးရမဲ့သူကို တတိယအချီအထိ စိမ်ထိုးနေပြီး အမှတ်အသာနဲ့ပဲ အနိုင်ယူခဲ့တာက အဓိကပြောစရာဖြစ်လာမှာပါ။
ဒါပေမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အမျိုးသမီးရွှေခါးပတ်ချန်ပီယံတစ်ဦးဟာ မွေထိုင်းလက်ဝှေ့လောကမှာပါ ချန်ပီယံ၊ အဆင့် ၁ အဖြစ် ဂုဏ်တင့်နေတာကလည်း နစ်နာမှုတွေသိပ်များနေတဲ့ ကယန်းပြည်သူတွေနဲ့ ဒါက ငါတို့မြန်မာနိုင်ငံသူကွလို့ ဂုဏ်ယူချင်နေသူတွေအတွက်တော့ အားဆေး မဟုတ်ပါလား။