၅. ၂. ၂၀၂၃
Written by Nay Moe
တပ်မတော်က လေကြောင်းမှဗုံးကြဲခဲ့သည်မှာ KNDF တပ်ရင်း ၁၀ ၏ အခြေပြုစခန်းဖြစ်ပြီး စစ်ဘေးရှောင်များ၏ ဆေးခန်း၊ ကျောင်းနှင့် ရိက္ခာဂိုဒေါင်မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ရှင်းလင်းထားသည်။
KNPP အဖွဲ့နှင့် KNDF အဖွဲ့များသည် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရပ်ဖက်ခရီးသည်တင်လေယာဉ်သည် လွိုင်ကော် လေဆိပ်သို့ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တို့အား ပစ်ခတ်ခြင်း၊ ဇူလိုင် ၆ ရက်နေ့တွင် လောပိတသင်္ဘောပင်စခန်းနှင့် ဘီလူးချောင်း(၁၀) မိုင်ကုန်းစခန်းတို့အား လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခြင်း၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် အရပ်ဖက် ခရီးသည် ပို့ဆောင်ရေးလေယဉ် ATR- 72 အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လေဆိပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် လေဆိပ်သို့ Drop Bomb များဖြင့် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် တိုက်ခိုက်ခြင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တို့တွင် လွိုင်လင်လေး နယ်မြေခံတပ်ရင်းသို့ လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် တိုက်ခိုက််မှုများ ပြုလုပ်လာခဲ့သဖြင့် အပစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
ထို့အပြင် ကယားပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်တွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် မီတာ ၄၀၀၀ ခန့် အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ် ၆ ဦး၊ အပစ်မဲ့ပြည်သူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။
KNPP နှင့် KNDF အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု စုစုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ထိုလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့ အခြေပြုသည့် နေရာများနှင့် လက်နက်ကြီးပစ်ခတ်သည့်နေရာများအား အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု(Counter – Terrorism Action ) များလုပ်ဆောင်ခဲ့ရာ မယ်တော်ဂူ ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ထိတွေ့ တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို အကြမ်းဖက်အဖွဲ့များထံမှ အလောင်း၊ လက်နက်၊ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည် ရမိခဲ့သည်။
KNPP နှင့် KNDF အဖွဲ့များ၏ ရက်စက်သောအကြမ်းဖက်လုပ်ရပ်များကြောင့် အပစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရှိမှုများအပေါ် မလိုလားသည့် ဒေသခံ ပြည်သူများ၏ တိကျစွာသတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်များအရ လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် ၁၀ မိုင်ခန့်အကွာ ဒေသအခေါ် ဆင်စခန်း၌ KNDF တပ်ရင်း (၁၀) အခြေပြုနေကြောင်း သိရှိရ၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လေကြာင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter – Terrorism action ) ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း မြေပြင် သတင်းဖော်ထုတ်ချက် များအရ သိရှိရသည်။
၎င်းဖြစ်စဉ်အပေါ် KNPP အဖွဲ့နှင့် KNDF အဖွဲ့များက မီဒီယာအချို့မှ တစ်ဆင့် KNDF တပ်ရင်း (၁၀) အခြေပြုရာစခန်းအား စစ်ဘေးရှောင်စခန်းအဖြစ် ပုံဖော်၍ စစ်ဘေးရှောင်များ၏ ဆေးကုသရာ ဆေးခန်း၊ စာသင်ကျောင်းနှင့် ရိက္ခာဂိုဒေါင်တို့ကို တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းမှ လာရောက်ဗုံးကျဲသည့်အသွင်သဏ္ဍန်ဖြင့် ကောလာဟလများ မဟုတ် မမှန် ဝါဒဖြန့်ချိလျက်ရှိပြီး ထိုသို့ဝါဒဖြန့်ချိမှုများကို ပြည်သူများ သိရှိနိုင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter – Terrorism action ) များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။