၄. ၂. ၂၀၂၃
Written By Thandar
အားလုံးချစ်ကြတဲ့ ဂျောက်ဂျက်ဇာတ်ကောင် ဖန်တီးရှင်ဖြစ်တဲ့ ဆရာအောင်ဇေယျရဲ့ ကာတွန်းရေးဖွဲ့ခြင်း နှစ် ၃၀ ပြည့် တစ်ကိုယ်တော် ပန်းချီပြပွဲ ယနေ့အဖွင့်မှာတော့ ပန်းချီကား ၃ကားရောင်းချခဲ့ရတယ်လို့ MT News Entertainment ကို ပြောပါတယ်။
ဒီပွဲမှာ ဂျောက်ဂျက်ဇာတ်ကောင် ရေဆေးပန်းချီကား ၂၇ ကားနဲ့ မူရင်းကာတွန်း ၃၀ ကျော် အမှတ်တရ ပြသနေတာဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၂ ရက်အထိ ရန်ကုန်မြို့ သံဈေးရှိ Yangon Book Plaza မှာ ကျင်းပမှာဖြစ်ပါတယ်။
“ကျွန်တော် ၁၉၉၂ – ၉၃ ခုနှစ်က စတွက်ကြည့်မယ်ဆိုရင် Cosmic ကာတွန်းစရေးတာဆိုရင် သက်တမ်းက နှစ် ၃၀ ရှိသွားပြီလေ။ နှစ် ၃၀ ပြည့် အမှတ်တရအနေနဲ့ Cosmic ကာတွန်းရဲ့ စာမူတွေလည်းပါမယ်။ ကျွန်တော့် မူရင်းစာမူတွေလည်း ပါတယ်။ ကျွန်တော့်ရဲ့ အဓိကဇာတ်ကောင် ဂျောက်ဂျက်ကို ရေဆေးနဲ့ ရေးပြီးတော့ ပန်းချီပြပွဲ လုပ်ဖြစ်တာပါ။ ကျွန်တော်ကတော့ Cosmic စာအုပ်လုံးချင်းကို စရေးချင်ခဲ့တာ။ စစချင်းတော့ အဆင်မပြေဘူးလေ။ ၁၉၉၄ ခုနှစ်မှာ ဆရာဒေါက်တာသာထွန်းဦးတို့ကြောင့် ပလုတ်တုတ်နာမည်နဲ့ ဂျောက်ဂျက်ဆိုတဲ့ နာမည်ကို သဘောကျခဲ့တယ်။ လှုပ်လှုပ်ခတ်ခတ် ကာရိုက်တာကို ယူပြီး အသက် ၁၂ ကျော် ၁၃ နှစ်အရွယ် ပျော်ပျော်နေတတ်တယ်။ သူ့မှာ ဟာသဉာဏ်ရှိတယ်။ ရပ်ကွက်ထဲက အကြောင်းကိုပဲ ပုံဖော်ဖန်တီးခဲ့တယ်” လို့ ဆရာ အောင်ဇေယျက ပြောပါတယ်။
အဆိုပါ ပန်းချီပြပွဲမှာတော့ ရေဆေးပန်းချီကားနဲ့ မူရင်းပန်းချီကာတွန်းလက်ရာကားတွေကို အနည်းဆုံးစျေးနှုန်း ကျပ် ၃ သောင်းကနေ ကျပ် ၃ သိန်းအထိ အစားစားသတ်မှတ်ရောင်းချပေးနေလျှက်ရှိတယ်။
သူကတော့ ၁၉၉၃ က စတင်ရေးဆွဲခဲ့တဲ့ Cosmic ကာတွန်းကို ကိုယ်ပိုင် ကလောင်နဲ့ သတင်းစာ၊ မဂ္ဂဇင်းမှာစတင် ရေးသားခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်မှာ Today Media က ဒေါက်တာသာထွန်းဦးရဲ့ ကာတွန်းပြပွဲ လုပ်ပြီးနောက် “ပလုတ်တုတ်”စာအုပ်အတွက် လူငယ်မျိုးဆက်သစ်ကာတွန်းဆရာ အောင်ဇေယျ၊ စောမင်းဝေ ၊ ကောင်းထက်တို့ စတင်ရေးခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ပထမပိုင်းမှာတော့ ကာတွန်းဆရာတွေ စုထွက်တဲ့ Cosmic ဇာတ်လမ်းအတိုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထူးခြားမှုအနေနဲ့ ၂၉ လမ်းက အောင်ထွန်းစာပေက “ဂျောက်ဂျက်”ကို လုံးချင်းထွက်ချင်တဲ့အတွက် စာအုပ် အုပ် ၂၀ စာ စာချုပ် စတင်ကမ်းလှမ်းခံခဲ့ရပါတယ်။ ဆရာအောင်ဇေယျက အသက် ၂၄ နှစ်အရွယ်မှာ စာမျက်နှာ ၁၀၀ ကျော်ပါတဲ့ ပထမဆုံး “လျှို့ဝှက်ဂျောက်ဂျက်” စာအုပ် စတင်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မရမ်းကုန်း၊ ဇွဲစုံ ၈ ရပ်ကွက် အိမ်နံပါတ် ၁၂ ကို တည်ပြီးတော့ အဖေ ဦးကြောင်ဇရက်၊ အမေဒေါ်ငယ်သုန် ရှိမယ်။ဂျောက်ဂျက်က တစ်ဦးတည်းသော သားလေးဖြစ်ပြီးတော့ သူ့မှာ ရဲဖော်ရဲဖက်သူငယ်ချင်း ၃ ယောက်ရှိတယ်။ ဂျောက်ဂျက် ဇာတ်ကောင်ကို ရပ်ကွက်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေနဲ့ ဇာတ်ကောင်စတည်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျောက်ဂျက် ကာရိုက်တာက ပျော်ပျော်နေတတ်တယ်။ လူကြီးကို အားပြိုင်ပြီး ပြောရဲဆိုရဲ ရှိသူ အနေနဲ့ မွေးဖွားဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဘဝအတွက် ကာတွန်း ဂျောက်ဂျက်ဇာတ်ကောင်ကို အသက် ၂၃ ကျော် ၂၄ နှစ်လောက်က လုံးချင်း ကာတွန်းရေးဖို့ ကမ်းလှမ်းခံရတယ်။ စာမျက်နှာ ၁၀၀ ကျော်လောက်ရှိတဲ့ လျှို့ဝှက်ဂျောက်ဂျက်မှာ ချက်ချင်း ပိုက်ဆံရခဲ့တယ်။ ဒါတွေက ကိုယ့်ဘဝအတွက် ဂျောက်ဂျက်အမှတ်တရတွေပါပဲ။ ဒီအချိန် စာအုပ်လုံး ချင်းထွက်ဖို့ ခဲယဥ်းလို့ ရေဆေးပန်းချီကား ရေးဖြစ်တာပါ။ အပတ်စဥ်ဂျာနယ်၊ တိုးတက်ဂျာနယ် ၊ တတိုင်းမွှေး တွတ်ပီဂျာနယ်ရှိမယ်။ ရေးတာတွေ အားလုံးရပ်လိုက်ရတယ်။ အဲဒီနောက်ပိုင်း ဂျောက်ဂျက်ကို အရောင်လေးတွေနဲ့ စရေးဖြစ်တာပါ။ ပန်းချီကားတွေ လိုင်းပေါ်တင်တော့ ဝယ်ကြတာရှိပါတယ်။ နောက်ပိုင်း ဂျောက်ကြီး အမှတ်တရ စာအုပ်တွေ ပြန်ထွက်တယ်”လို့ သူကဆက်ပြောပါတယ်။