၄. ၁. ၂၀၂၃
Written by Nay Moe
လေယာဥ်ပစ် လက်နက်ရရှိရန် NUG က နိုင်ငံတကာကို တောင်းဆိုနေသော်လည်း တရားဝင်အစိုးရအဖြစ် သတ်မှတ်ခံရမှုမရှိခြင်းကြောင့် မည်သည့်လေယာဉ်ပစ်လက်နက်မျှမရရှိကြောင်း NUG ၏ ယာယီသမ္မတဒူဝါလရှီးလက VOA သတင်းဌာနနှင့် ဖေဖော်ဝါရီ ၃ ရက်က အမေးအဖြေပြုလုပ်ရာတွင် ဝန်ခံပြောကြားသည်။
အခုအချိန်အထိ ကျွန်တော်တို့ကို နိုင်ငံတကာကနေ တုံ့ပြန်ပေးမှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ အသိအမှတ်ပြုခြင်း(Recognition) နဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကို တရားဝင်အဖြစ်( Legitmacy) သူတို့အနေနဲ့ မပေးသေးတဲ့အခါကျတော့ တရားဝင်အစိုးရအနေနဲ့ ပေးဖို့အခက်အခဲရှိမှာပါ။ သူတို့မပေးချင်လို့တော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ နောက်တစ်ခုက Georgraphy အနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ချိန်ခွင်လျှာညှိမှုအပေါ်မှာလည်း သူတို့ အတော်စဉ်းစားနေတာရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တောင်းဆိုထားတဲ့အတိုင်း ဘာမှရလာတာ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း သူတို့စပြီးစဉ်းစားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်”ဟု ဒူဝါလရှီးလက ပြောသည်။
လက်ရှိအခြေအနေတွင် အမေရိကန်က NDAA 2023 အရ EAOs နှင့် PDF များအတွက် ဒေါ်လာသန်းရာဂဏန်းခန့် အနည်းငယ်ထောက်ပံ့မည်ဖြစ်သော်လည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသည့်အပေါ် VOA က ဆက်လက်မေးမြန်းရာ ဒူဝါလရှီးလက Burma Act NDAA တွင် ပေးအပ်မည့် အကူအညီမှာ non-Lethal ဟု ပါဝင်ပြီး လက်နက်အထောက်အကူရရှိမည်မဟုတ်သော်လည်း နည်းပညာပိုင်းအပါအဝင် ကူညီထောက်ပံ့မှုများ ရရှိပါကလည်း NUG အတွက် အကျိုးရှိကြောင်းနှင့် NUG တောင်းဆိုထားသည့် လေယာဉ်ပစ်လက်နက်များ ရရှိရန်ကိုမူ ဆက်လက်နည်းလမ်းရှာရမည်ဟု ဒူဝါလရှီးလက ဆက်ပြောသည်။
NUG ကို မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားမှုမရှိသော်လည်း SAC အစိုးရကိုမူ တရားဝင်အစိုးရအဖြစ်သတ်မှတ်သည့် နိုင်ငံတကာနှင့်ဆက်ဆံမှုများ၊ နည်းပညာနှင့်ငွေကြေးများရရှိရန် ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်က ကူညီပေးနေကြောင်း Justice For Myanmar က ထုတ်ဖော်ခဲ့သကဲ့သို့ SAC အတွက် စစ်လက်နက်များရရှိရေးကို အမေရိကန်မှ ကုမ္ပဏီကြီးများအပါအဝင် နိုင်ငံပေါင်း ၁၃ ခုမှ ကုမ္ပဏီ ၄၅ ခုအထက်က ကူညီပေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီတို့၏ မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M) ကလည်း အစီရင်ခံခဲ့သည်။
၂၀၂၁ ခုနှစ်အတွင်း SAC ၏ လုံခြုံရေးတပ်များက လေကြောင်းတိုက်ခိုက်မှုအဖြစ် EAOs စခန်းများနှင့် NUG၊ PDF တို့၏ စခန်းများကို အကြိမ်ပေါင်း ၄၆ ကြိမ်တိုက်ခိုက်ပြီး ၂၀၂၂ ခုနှစ်တွင် ၁၈၇ ကြိမ်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ၂၅ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု Myanmar Peace Monitor စစ်တမ်းများအရ သိရသည်။ ထို့ကြောင့် NUG အနေဖြင့် လေယာဉ်ပစ်လက်နက်ဝယ်ယူရန် အလှူခံရာ ဒေါ်လာသန်းပေါင်းများစွာ ရရှိသော်လည်း ထိုငွေများမှာ ပျောက်ပျက်သွားသကဲ့သို့ လက်နက်ဝယ်ယူနိုင်ကြောင်း စာရင်းရှင်းလင်းနိုင်မှုလည်း မရှိချေ။ ထို့အတွက် လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုသော ဖြတ်တောက်မှု မရှိသေးကြောင်းလည်း သိရသည်။