၄. ၂. ၂၀၂၃
Written by Nay Aung
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့နိုင်ငံရေးအခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်အတွက် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကအဓိက ဖြစ်သည်ဆိုသော အချက်ကိုလက်ခံသဘာတူညီခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးအတွင်း မြန်မာ့နိုင်ငံရေးအခြေနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးရက်နိုမာဆူဒီက ပြောသည်။
၎င်းက “နေ့လည်စာ စားပြီး အလုပ်သဘောတွေ့ဆုံဆွေးနွေးချိန်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်အောင် လမ်းခင်းပေးဖို့ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးကို သိသာတိုးတက်အောင်လုပ်ဆောင်အောင် တိုက်တွန်းဖို့ သဘောတူညီခဲ့တယ်။ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဟာ မြန်မာ့နိုင်ငံရေးအခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အဓိက အကျဆုံးဖြစ်တယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူညီများကို ဟန့်တားမှုမရှိဘဲ အကြမ်းဖက်မှုတွေကိုလျှော့ချအောင်လုပ်ဆောင်ပြီး အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင် ဖန်တီးသင့်တယ်” ဟုဆိုသည်။
အာဆီယံသဘာတူညီချက်ငါးချက်မှတစ်ဆင့် မြန်မာ့နိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်အောင် အဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်စွ ာချဉ်းကပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
၂၀၂၃ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုသုံးခုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးရက်နိုမာဆူဒီကပြောသည်။
၎င်းက ” မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်အောင် စီစဉ်နိုင်ဖို့ မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုကို ပထမဆုံးချဉ်းကပ်လုပ်ဆောင်မယ်။ ကျွန်မဟာ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကနဦးစေ့စပ်ဆွေးနွေးမှုတွေကို ပြန်လည်မျှဝေသွားမှာပါ။ ဒုတိယချဉ်းကပ်မှုကတော့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု လမ်းခင်းနိုင်အောင် အပြုသဘော ဆောင်တဲ့အခြေအနေများရှိလာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခြေအနေကောင်းများဖန်တီးနိုင်ဖို့ အဓိကကိစ္စနှစ်ခု လုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီကိစ္စနှစ်ခုကတော့ အကြမ်းဖက်မှု လျှော့ချဖို့နဲ့ အကူအညီလိုအပ်နေတဲ့သူတွေကို လူသားချင်းဆိုင်ရာစာနာမှု အကူညီပေးရေးဆက်လက်လုပ်ဆောင်ရမယ်။ အကြမ်းဖက်မှု လျှော့ချဖို့နဲ့ အကူအညီလိုအပ်နေတဲ့သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ တတိယချဉ်းကပ်မှုကတော့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ကို မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလမသဂ္ဂအထူးကိုယ်စားလှယ်အပြင် အခြားနိုင်ငံတွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လိုလားဆန္ဒရှိပါတယ်”ဟုဆိုသည်။
ref- channelnewsasia