၃.၂.၂၀၂၃.
translated by Htwe Ko Tun
အိမ်ထောင်ဖက်ဇနီး ၁၂ ဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၁၀၂ ဦးရှိကာ မြေးဖြစ်သူ ၅၇၈ ဦးရှိနေသည့် အသက် ၆၈ နှစ်ရှိ ယူဂန်ဒါနိုင်ငံသား မူဆာ ဟာဆာရာက ၎င်းအနေဖြင့် ဇနီး၊ သားသမီး၊ မြေးများအပေါ် အပြည့်အဝတာဝန်ယူခြင်းမပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မူဆာ ဟာဆာရာသည် ပထမဆုံးဇနီးကို ၁၉၇၂ ခုနှစ်တွင် ရိုးရာအခမ်းအနားတစ်ခု၌ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ၎င်းတို့နှစ်ဦးစလုံးမှာ ၁၇ နှစ်သာရှိသေးကာ လက်ထပ်ပြီးတစ်နှစ်အကြာတွင် ပထမဆုံးကလေးဖြစ်သော ဆန်ဒရာ နက်ဝိုင်ယာကို မွေးဖွားခဲ့သည်။
၎င်းက ” ကျွန်တော်တို့မှာ ညီအစ်ကိုနှစ်ယောက်ပဲရှိတော့ ကျွန်တော့်အစ်ကိုကရော၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကပါ မိန်းမများများယူပြီး ကျွန်တော်တို့မိသားစုရဲ့ မျိုးဆက်အမွေအနှစ်အဖြစ် တိုးချဲ့ချန်ထားနိုင်ဖို့ဆောင်ရွက်ရေး ကျွန်တော့်ကို အကြံပေးခဲ့ကြတယ် ” ဟု ပြောသည်။
ယူဂန်ဒါနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် အိမ်ထောင်ပြုမှုကို ၁၉၉၅ ခုနှစ်တွင် ပိတ်ပင်ခဲ့သော်လည်း ဘာသာရေးဓလေ့ထုံးတမ်းများအရ မယားပြိုင်ယူခြင်းဓလေ့ကိုမူ ခွင့်ပြုထားခဲ့သည်။ မူဆာဟာဆာရာကလည်း အိမ်ထောင်ဖက် ၁၂ ဦးထိ လက်ထပ်ထိမ်းမြားကာ သားသမီး ၁၀၂ ဦးရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေနှင့် သားသမီးအများအပြား၏ အမည်များကိုပင် မှတ်မိခြင်းမရှိပါတော့ကြောင်း မူဆာဟာဆာရာက ဝန်ခံခဲ့သည်။
“ပထမတော့ ဒီလောက်မိန်းမတွေယူ၊ သားသမီးမြေးတွေရာနဲ့ချီရခဲ့တာက ဟာသဖြစ်ရပ်တစ်ခုလိုပေါ့။ ဒါပေမယ့် ကျွန်တော့် ကျန်းမာရေးကလည်း အားနည်းလာတာနဲ့အတူ ဒီလောက်မိသားစုကြီးကို အစားအသောက်၊ အဝတ်အစား၊ ပညာရေး အပြည့်အဝဖြည့်ဆည်းဖို့ အရမ်းရုန်းကန်လာရတယ်။ ဒီမှာ ဇနီးနှစ်ယောက်က ကျွန်တော့ကို စွန့်ခွာသွားကြတယ်” ဟုလည်း ဟာဆာရာက ပြောခဲ့သည်။
ဟာဆာရာ၏ သားသမီး ၁၀၂ ဦးမှာ အသက် ၁၀ နှစ်မှ ၅၀ နှစ်အတွင်းထိရှိနေကြပြီး အငယ်ဆုံးဇနီးက ၃၅ နှစ်သာရှိသေးကြောင်း ၎င်းကပြောခဲ့သည်။ ယခုအခါ သားသမီးများအနက် အကြီးဆုံးနှင့်အငယ်ဆုံးတို့၏အမည်များကို ကောင်းကောင်းမှတ်မိပြီး တချို့ဆိုလျှင် အမည်ကိုပင် လုံးဝမမှတ်မိတော့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ဟာဆာရာတို့မိသားစုက ယခုအခါ ဘူဂီဆာ အမည်ရှိကျေးရွာလေးတွင်နေထိုင်ကြပြီး မိသားစုဝင်အများအပြားက အိမ်နီး နားချင်းများ၏ ဝေယျဝစ္စများကို ဝိုင်းဝန်းဆောင်ရွက်ကာ ဝင်ငွေရှာကြရသည်။ တတိယဇနီးဖြစ်သူ ဇာဘီနာက “အစား အသောက်ကတော့ လောက်ငတယ်ဆိုရုံပေါ့။ ကလေးတွေကို တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် အဆင်ပြေတဲ့နေ့တွေမှာ နှစ်ကြိမ်ကျွေးနိုင်ဖို့ ကျွန်မတို့ ရုန်းကန်ကြရတယ်”ဟု ပြောခဲ့သည်။
အခက်အခဲများရှိနေသော်လည်း ဇနီးသည်များအနက် နှစ်ယောက်မှလွဲ၍ ကျန်ဇနီးများက ၎င်းနှင့်ပင်အတူတူနေထိုင်ကာ သားသမီးမြေးများနှင့် ကြီးမားသောအိမ်ထောင်စုကြီး ဆက်လက်တည်တံ့နေစေခြင်းက အဘယ်ကြောင့်ဟု ယူဆပါသနည်းဟု မေးခဲ့သောအခါ ဟာဆာရာက”သူတို့အားလုံးက ကျွန်တော့ကိုချစ်ကြလို့ပဲလို့ ဆိုရမှာပါ။ အခုဆိုရင်လည်း သူတို့အားလုံးပျော်ရွှင်နေကြတာတွေ့ကြရမှာပါ” ဟု ပြောခဲ့သည်။
Ref—-SCMP