၃. ၂. ၂၀၂၃
MT News
ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမှုမရှိဘဲ အမြင့်ဈေးနှုန်း၌ပင် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၇၀,၀၀၀ အထိရှိခဲ့သည်။ ငွေလဲလှယ်နှုန်းသည် အပြောင်းအလဲမရှိဘဲ တစ်ဒေါ်လာလျှင် ကျပ် ၂၅၅၀ နှင့် ကျပ် ၂၅၆၀ အကြား တည်ငြိမ်လျက်ရှိသည်။
ဖေဖော်ဝါရီ ၃ ရက် (သောကြာနေ့)တွင် ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား ကျပ် ၂,၈၇၀,၀၀၀ အထိရှိလာပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက် (တနင်္လာနေ့) နှင့် နှိုင်းယှဥ်ပါက ငါးရက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၀,၀၀၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ငွေလဲလှယ်နှုန်းမှာလည်း ဖေဖော်ဝါရီ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂,၈၆၀ ရှိပြီး ငွေဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၂၃ ဒေါ်လာ ရှိခဲ့သော်လည်း ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာသို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ရွှေဈေးနှုန်း ၂,၈၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။