၃.၂.၂၀၂၃
Written by Nay Aung
ကမ္ဘာကျော်အဖွဲ့စည်းတစ်ခုဖြစ်သော Transparency International အဖွဲ့က ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(CPI)ကို ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အဆိုပါအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၅၇ တွင် ရပ်တည်နေကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၈၀ ကို စောင့်ကြည့်လေ့လာပြီး ၂၀၂၂ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုအညွှန်းကိန်းအဆင့်သတ်မှတ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံက ကမ္ဘာနိုင်ငံများထဲတွင် အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အမှတ်ပေါင်း ၁၀၀ တွင် ရမှတ် ၉၀ ရရှိခဲ့သည်။
အများပြည်သူနှင့်သက်ဆိုင်သောဌာနများတွင် အကျင့်ပျက်ခြစားမှုအခြေအနေကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အမှတ်ပေးခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံက အမှတ်ပေါင်း ၁၀၀ တွင် ၂၃ မှတ်သာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(CPI) အတွက် အမှတ်ပေးမှုတွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ်က အမှတ်ပေါင်း ၁၀၀ တွင် ၂၈ မှတ်ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမှတ် ၅ မှတ်လျော့နည်းသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကျင့်ပျက်ခြစားမှုများဖြစ်ပွားမှု မြင့်တက်လာခဲ့သလို ရာဇာဝတ်မှု ဖြစ်ပွားမှုများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း Transparency International အဖွဲ့၏ ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် အဆင့်သတ်မှတ်ချက် အကျဆင်းဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(CPI)တွင် ကမ္ဘာအဆင့် ၅ နေရာတွင် ရပ်တည်နေခဲ့ပြီး အမှတ်ပေါင်း ၁၀၀ တွင် ရမှတ် ၈၃ မှတ် ရယူနိုင်ခဲ့ကြောင်း သိရသည်။
ref- transparency