၃.၂.၂၀၂၃
Written by Nay Aung
ONE Championship ချန်ပီယံဟောင်း အောင်လအန်ဆန်သည် လာမည့် မေလ ၅ ရက်နေ့တွင် နာမည်ကျော် တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်နှင့် မကျေပွဲပြန်လည်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီဘတ်တို ဂယ်ဗာအိုနှင့် မယှဉ်ပြိုင်ခင် ဖန်ယောင်နှင့် ဇန်နဝါရီ ၆ ရက်နေ့တွင် ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ပွဲပျက်သွားခဲ့ခြင်းကြောင့် ဂယ်ဗာအိုနှင့်ယှဉ်ပြိုင်ခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဖန်ယောင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အောင်လအန်ဆန်နှင့် ထိုးသတ်ရန် စီစဉ်ထားသောပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပြီးနောက်မေလ ၅ ရက်တွင် ကျင်းပမည့် ONE Fight Night 10: ပွဲစဉ် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ပွဲစဥ်တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ပြန်လည်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာစပါးကြီးမြွေဟု တင်စားခံရသော အောင်လအန်ဆန်သည် ဖန်ယောင်နှင့်ထိုးသတ်မည့်ပွဲစဉ်ကို ONE Championship မစ်ဒယ်ဝိတ်တန်းပွဲစဉ်အတွက် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ONE Championship ၏ထုတ်ပြန်ချက်အရ သိရသည်။
ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အောင်လအန်ဆန်သည် နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက်ဆုံး ၄ ပွဲတွင် ၃ ပွဲအနိုင်ရခဲ့ကာ ဘရာဇီးတိုက်ခိုက်ရေးသမား လီအန်ဒရိုအော်တိုင်းဒက်စ်၊ ဂယ်ဗာအိုနှင့် ဂျပန်တိုက်ခိုက်ရေးသမား ယူရှင်အိုကာမီတို့ကို ပထမအချီအတွင်း အလဲထိုးအနိုင်ရခဲ့ကာ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဗစ်ဒက်ချ်ကိုမူ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်သည် ဖန်ယောင်အတွက် အကြိတ်အနှယ်ယှဉ်ပြိုင်ရမည့် ပွဲကြီးပွဲကောင်းပွဲစဉ်ဖြစ်လာဖွယ်ရှိနေပြီး အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ ဖန်ယောင်သည် သူ၏နောက်ဆုံးပွဲစဉ်ကို ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဗစ်ဒက်ချ်နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင်နောက်ဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်လုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ref- one championship