၃. ၂.၂၀၂၃
Written by Nyein Kyaw
ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၂၀ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းမှတ်တိုင်အနီး AKK Shopping Mall ဘေးရှိ အအေးမျိုးစုံရောင်းသည့်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်၏အနောက်ဘက်အိမ်ကိုပါ မီးလောင်ခဲ့ကြောင်း သိရသည်။
“ချစ်စရာအအေးဆိုင်ကိုလောင်တာ အများကြီးပဲ။ အနောက်ကိုလည်း ကူးသွားတယ်။ အနောက်အိမ်ပေါ့။ AKK Shopping Mall ဘေးမှာ အအေးတွေ ရေသန့်ဘူးတွေရောင်းတယ်။ ဘယ်လိုကနေ စလောင်တယ်ဆိုတာတော့ မသိဘူး။ မီးကရေဖြန်းလေ လောင်လေပဲ။ အခုတော့ မီးညွှန့်က ဖြူတော့ဖြူလာပြီ။ မကြီးတို့နဲ့က သုံးအိမ်ပဲခြားတယ်။ ကံကောင်းတာက မကြီးတို့ဘက်ကို လေမတိုက်ဘဲနဲ့ ဟိုဘက်ကို တိုက်တာ။ AKK က လမ်းခြားနေလို့ မဟုတ်ရင်ကုန်တယ်” ဟု မီးလောင်မှုဖြစ်ပွားသောနေရာနှင့် သုံးအိမ်သာခြားကာ လူသုံးကုန်ပစ္စည်းများ ဖွင့်လှစ်ထားသည့်ဆိုင်မှ မမီးငယ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ် သုံးစီးထွက်ခွာ၍ ငြှိမ်းသတ်ခဲ့ပြီး မနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် Level 2 ယာဥ်များဖြင့် မီးငြှိမ်းသတ်မှုများဆောင်ရွက်ခဲ့သည်။
နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုးမှုများကိုမူ မသိရှိသေးပေ။