MT News
Written by Nay Moe
EAO များ၏ တိုက်ခိုက်မှုနှင့် PDF များ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF များသည် ပြည်သူများကြားမှ ပြည်သူများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများနှင့် ပြည်သူများ တစ်သားတည်းဖြစ်အောင်ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်းရန်လိုကြောင်း SAC ဥက္ကဋ္ဌက အောက်တိုဘာ ၅ ရက်တွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
တပ်မတော်အနေဖြင့် နဝတ၊ နယက ခေတ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သော အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်များ ရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သော ပြည်သူများအနေဖြင့် အမြင်မကြည်လင်မှုများ ရှိနိုင်သည်ဟု SAC ဥက္ကဋ္ဌက ဆိုသည်။
၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်၌ တပ်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို တပ်နှင့်ပြည်သူ ဆက်ဆံရေးတိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ကာ တပ်မတော်၏ အဆင့်ဆင့်တိုးတက်မှုများ ရှိလာခြင်းကြောင့် ၂၀၁၁ – ၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများက အချင်းချင်း သွေးကွဲစေရေး အတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့သည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။