၂. ၂. ၂၀၂၃
Written by Nay Moe
နအဖခေတ် ဗိုလ်ချုပ်သာအေးတည်ခဲ့သည့် ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့အား ဟုမ္မလင်း PDF များ သိမ်းပိုက်ပြီးနောက် တပ်မတော်က ပြန်လည်သိမ်းယူရန် ကြိုးပမ်းသည့် ထိုးစစ်ဆင်မှုများပြုလုပ်နေသည်ဟု သိရသည်။
ရွှေပြည်အေးမြို့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စသည့်မဟာမိတ်တပ်ပေါင်းစုများအဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့သည်။
ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်သုံးရဟတ်ယဉ်ဖြင့် ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုဘက်မှ အထိအခိုက်အကျအရှုံးမရှိဘဲ ယခုထက်ထိ ရွှေပြည်အေးမြို့အား အောင်မြင်စွာသိမ်းပိုက်ထားဆဲဖြစ်ကြောင်း Homalin People Defence Force 124 က ယနေ့ သတင်းထုတ်ပြန်သည်။
ထို့အတူ SAC ၏ လုံခြုံရေးတပ်များကလည်း ရွှေပြည်အေးမြို့အား ပြန်လည်သိမ်းယူရန် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းပစ်ကူများဖြင့် တန်ပြန်ထိုးစစ် လုပ်ဆောင်နေသဖြင့် တိုက်ပွဲပြင်းထန်နေ၍ ဟုမ္မလင်း-ဖောင်းပြင် ရေကြောင်းလမ်းနှင့် မြစ်ရိုးကုန်းကြောင်းလမ်းအား လက်ရှိ (လုံးဝ) အသုံးမပြုရန် Homalin People Defence Force က အသိပေးထားသည်။
ရွှေပြည်အေးမြို့သည် အိမ်ခြေ ၅၀၀ ခန့်နှင့် လူဦးရေ ၂၅၀၀ ခန့်သာ နေထိုင်သည့် မြို့ငယ်လေးဖြစ်ပြီး အကျယ်အဝန်းမှာလည်း စတုရန်းမိုင် လေးမိုင်ပင်မပြည့်သော မြို့ငယ်လေးဖြစ်သည်။