MT News
Written by Nay Myo
ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ် ဆင်ရေးဟုဆိုကာ မော်ကျွန်းမြို့မှ လက်နက်ကိုင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို အောက်တိုဘာ ၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ayeyarwaddy Dolphin PDF) က ထုတ်ပြန်သည်။
အဆိုပါ လုပ်ကြံမှုကို ယနေ့ညနေ ၄ နာရီခွဲခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဦးခင်မောင်ကြည်ဖြစ်ကြောင်းနှင့် ဦးခင်မောင်ကြည်မှာ SAC ထောက်တိုင်၊ ဒလန်၊ ပျူစောထီးခေါင်းဆောင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်ဟု ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲထားပြီး ဦးခင်မောင်ကြည် ပြည်သူ့စစ်ဝတ်စုံဖြင့် ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပစ်ခတ်လုပ်ကြံမှုကို ဧရာဝတီလင်းပိုင် PDF နှင့်အတူ ဘိုကလေး PDF၊ မော်ကျွန်း (ပကဖ) စသည့် မဟာမိတ် PDF များက ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဦးခင်မောင်ကြည် မော်ကျွန်း ၁၂ လမ်းရှိ ဆာဝါဒီလက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဥ် လုပ်ကြံနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။