MT News
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းအတွင်းရှိ Multipurpose studium (မိုးလုံလေလုံအားကစားရုံ အတွင်း)၌ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) အခမ်းအနားအား အောက်တိုဘာ ၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းမှ အဖွင့် အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အမှာစကားပြောကြားခြင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ပြပွဲအား ဝင်ရောက်ကြည့်ရှု လေ့လာခြင်း၊ တက်ရောက်လာသူများအား မနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
“အလုပ်အကိုင်အခွင့်အလမ်း ရှားပါးပြီးတော့ အလုပ်လိုအပ်နေတဲ့ အလုပ်သမားနဲ့ အလုပ်သမားလိုအပ်နေတဲ့အလုပ်ရှင်ကို တွေ့ဆုံပေးခြင်းဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာပဲ အလုပ်သမားလိုအပ်နေတဲ့အလုပ်ရှင်များလည်း အလုပ်သမားရရှိသွားပြီး အလုပ်သမားများဘက်မှလည်း ကုမ္ပဏီများစွာ ပြသထားတဲ့အတွက် သူတို့လိုအပ်တဲ့အလုပ် ရရှိသွားမယ်” ဟု ပွဲစီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ တိုက်ရိုက်လုပ်ငန်းရှင်များပါဝင်ပြီး အလုပ်လျှောက်လွှာဖောင်ပါပြုလုပ်ပေးထားတဲ့အတွက် မိမိလျှောက်ချင်တဲ့ ကုမ္ပဏီများမှာ ချက်ချင်းလျှောက်ထားနိုင်တာကြောင့် အရမ်းအဆင်ပြေပါတယ်။ ပြည်ပအလုပ်အကိုင်ထဲမှာ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ စတဲ့ အေဂျင်စီတွေလည်းပါဝင်နေပြီး ပြည်တွင်းအလုပ်အကိုင်တွေလည်း ကြေညာပေးထားလို့ ဒီမှာတင်ပဲ အလုပ်ရရှိမဲ့ အခွင့်အရေးကောင်းတွေ ရရှိပါတယ်” ဟု Job Fair သို့ လာသူတစ်ဦးက ဆိုသည်။
၎င်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၂၆ ခုခန့်နှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ တိုက်ရိုက်လုပ်ငန်းရှင် ၁၀ ဦးခန့်ပါဝင်ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှလည်း အလုပ်သမားမှတ်ပုံတင်လိုအပ်လျှင် ချက်ချင်းပြုလုပ်နိုင်ရန် One Stop Service ရုံးခန်းလည်းဖွင့်လှစ်ပေးထားကြောင်း သိရသည်။