◾️ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့်ထုတ်ပြန်ချက်ကို ကာလုံက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်မည်ဟု အသိပေး
၃၁. ၁. ၂၀၂၃
Written by Nay Moe
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် သာမန်မဟုတ်သော အခြေအနေတွင်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တင်ပြခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများနှင့် အဆိုပါမဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်ဖိအားပေးဆောင်ရွက်မှုအခြေအနေများ၊ ကိုဗစ် – ၁၉ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည့် အခြေအနေများ၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးဖော်ထုတ် ဖမ်းဆီးရမိမှုအခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများနှင့် နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူရန်ကြိုးပမ်းလုပ်ဆောင်လာမှုအခြေအနေများကို အကျည်တဝံ့ ရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။
ယာယီသမ္မတအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF များအနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင်” အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန် ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက “သာမန်အားဖြင့်” တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်”ဟု ပြဌာန်းထားသည်။