◾️ ပါတီဝင်ရရှိရေး စည်းရုံးရန် လုံခြုံရေးကိစ္စ စိန်ခေါ်မှု ဖြစ်နေဟုဆို
၃၀ – ၁– ၂၀၂၃
Written By Myo Khine
နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီအင်အား တစ်သိန်းရှိရမည်ဟု ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်တွင် ဖော်ပြထားခြင်းအပေါ် ပါတီဝင်အရေအတွက်အပြည့် ရရှိစေရေး စည်းရုံးရေးဆင်းရာတွင် လုံခြုံရေးကိစ္စမှာ စိန်ခေါ်မှု ဖြစ်နေကြောင်း နိုင်ငံရေးပါတီများက တညီတညွတ်တည်း ပြောဆိုကြသည်။
“နိုင်ငံရေး အကျပ်အတည်း ရှိနေတဲ့အချိန်မှာ အခုလို ဥပဒေကြောင့် နိုင်ငံရေးပါတီတွေ အကျပ်အတည်း ဖြစ်သွားကြတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ ပါတီတွေ အခက်အခဲ ဖြစ်သွားကြတာပေါ့။ အောက်ခြေမှာ လုံခြုံရေးကိစ္စလည်း ရှိနေတယ်။ အရင်က ပါတီဝင် တစ်ထောင်။ အခုပါတီဝင် တစ်သိန်းဆိုတာ အဆတစ်ရာဖြစ်သွားတယ်။ အခုအချိန်မှာ ပါတီဝင် တစ်ယောက် စုဆောင်းဖို့တောင် မလွယ်ဘူး။ နိုင်ငံရေး အကျပ်အတည်းကလည်း ရှိနေတယ်။ နောက်ပြီးတော့ ဒီပွဲက ညီအစ်ကိုမောင်နှမချင်းကွဲတယ်။ ဆွေမျိုးသားချင်းတွေ ကွဲတယ်။ အားလုံးကွဲနေတဲ့အချိန်၊ လုံခြုံရေးလည်း သိပ်မရှိတဲ့အချိန် စည်းရုံးရေး လုပ်ဖို့ဆိုတာ အကျပ်အတည်းပဲ”ဟု အမည်မဖော်လိုသော နိုင်ငံရေးပါတီတစ်ခု၏ စည်းရုံးရေးမှူး တစ်ဦးက MT News ကို ပြောသည်။
ဥပဒေအသစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသောရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်းပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေး ပါတီမှတ်ပုံတင် ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကိုစည်းရုံးရမည် ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ခြင်းမှာ နိုင်ငံရေးပါတီများ ဖောင်းပွနေသည်ကို ကျုံ့သွားစေရန် ရည်ရွယ်သည်ဟု ယူဆ၍ ရကြောင်း သီပေါအမတ်ဟောင်း ဦးရဲထွန်း (သီပေါ) က MT News ကို သုံးသပ်ပြောပြသည်။
“သူတို့ရည်ရွယ်ချက်ကတော့ ပါတီတွေဖောင်းပွနေတာကို ကျုံ့သွားဖို့ ရည်ရွယ်တယ်လို့ ယူဆလို့ရတယ်။ တကယ်လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေလောက်ပဲ ကျန်ပြီးတော့ သေးသေးမွှားမွှားတွေကို ကျုံ့သွားစေချင်တဲ့ သဘောပေါ့။ ဒါကြောင့်မို့လို့ ရှိရမယ့် ပါတီဝင်ဦးရေတွေကို တိုးမြှင့်သတ်မှတ်လိုက်တယ်။ Deposit ကိုလည်း မြှင့်လိုက်တယ်။ မြှင့်လိုက်တော့ တစ်တိုင်းပြည်လုံးကို လှုပ်ရှားမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေအတွက်တော့ အခက်အခဲ တော်တော် တွေ့သွားနိုင်တာပေါ့နော်။ ဆိုတော့ သူတို့က တစ်တိုင်းပြည်လုံးလှုပ်ရှားဖို့ဆိုတဲ့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ပြည့်စုံအောင် ဆောင်ရွက်နိုင်ပြီဆိုလိုရှိရင်တော့ ကိုယ့်ပါတီကို ဖျက်လည်း မဖျက်ချင်ဘူးဆိုရင်တော့ တိုင်းဒေသကြီးတစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံးမှာပဲ လှုပ်ရှားမယ့်ပါတီပါဆိုပြီးတော့ အဆင့်လျှော့ချပြီး ပြန်လျှောက်ရမှာပေါ့။ ဘောလုံးစကားနဲ့ ပြောရရင် တန်းဆင်းပြီး ကန်ရမှာပေါ့နော်။ သူတို့တင်ထားတဲ့ ပါတီဝင်စာရင်းတွေကို ပြန်ပြီးတော့ လက်ခံမယ်ဆိုရင်တော့ ထပ်ပြီးတော့ စည်းရုံးရေးဆင်းစရာတော့မလိုဘူးပေါ့။ အရင်က တင်ပြထားတဲ့ ပါတီဝင်စာရင်းနဲ့ပဲ အရင်က တစ်သိန်းပြည့်ပြီးသား ပါတီဝင်စာရင်းနဲ့ပဲ ဆက်ပြီးတော့ မှတ်ပုံတင်ရုံပဲပေါ့။ မရှိသေးတဲ့ ပါတီတွေကတော့ ဒီကာလ ဒီလိုနိုင်ငံရေးအခြေအနေမျိုးမှာ ကွင်းဆင်းဖို့ တော်တော်လေး အခက်အခဲ ရှိလိမ့်မယ်။ တစ်သိန်းမပြည့်လို့ ပြည့်အောင်လုပ်မယ်ဆိုတဲ့အခါ အခက်အခဲ ရှိတာပေါ့။ ရွေးကောက်ပွဲမှာလည်း ပါတီတွေ ဝင်ပြိုင်တာထက် တစ်သီးပုဂ္ဂလတွေပိုများလာနိုင်တယ်လို့ ယူဆရတယ်။ ဘာကြောင့်လဲဆိုရင် PR စနစ်နဲ့ပြိုင်မယ်ဆိုတော့ မဲဆန္ဒနယ်တစ်ခုမှာ ဥပမာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုရင် သုံး နေရာ၊ လေး နေရာ ရှိမှာပေါ့နော်။ သုံး ၊ လေးမြို့နယ်ကို ပေါင်းပြီး တစ်ခရိုင် ၊ မဲဆန္ဒနယ်တစ်ခုလို့ သတ်မှတ်လိုက်တဲ့အခါ နိုင်ငံရေးပါတီတွေကိုပဲ လူတွေက တွေးကြရမှာ။ အဲဒီနိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြီးတော့ နာမည်ရှိတဲ့ ပုဂ္ဂလိက နိုင်ငံရေးသမားတွေ ဝင်ပြိုင်မယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြီးတော့ မဲပုံးထောင်နိုင်တဲ့ အဆင့် ရှိနေတော့ သူတို့က ပိုပြီး အခွင့်အရေးရှိတယ်လို့ မြင်တယ်။ နောက်တစ်ခုက ရတဲ့ မဲတွေကလည်း ဘယ်သူနဲ့မှ ခွဲစရာ မလိုဘူး။ တစ်ခုပဲ ရှိတာက သူကတော့ မဲဆန္ဒနယ်တစ်နယ်တည်းမှာပဲ ပြိုင်လို့ ရတာပေါ့နော်။ အဲလိုကြောင့် ပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်မယ့်အရေအတွက် ပိုများလာနိုင်တယ်လို့ သုံးသပ်ပါတယ်”ဟု ယင်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည့်အနက် နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၁၉ ပါတီ၊ ဒေသအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေး ပါတီ ၃၀ ရှိကြောင်း သိရသည်။
“ပြဿနာက ဘာလဲဆိုတော့ ပါတီဝင်စည်းရုံးရမယ့် အောက်ခြေဆင်းပြီးစည်းရုံးမယ့်ကိစ္စက အဓိက ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ နောက်တစ်ခုက ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ်နိုင်ငံလုံးရဲ့ တစ်ဝက်ကျော်မှာ မြို့နယ်အလိုက် ရုံးတွေ ဖွင့်နိုင်ရမယ်။ တစ်ဝက်ကျော်မှာလည်း ယှဉ်ပြိုင်နိုင်ရမယ်ပေါ့။ ရွေးကောက်ပွဲဝင်ရမှာပေါ့။ မဝင်ဘူးဆိုရင် ဥပဒေအရ ပါတီကို ဖျက်သိမ်းရမယ့် သဘောမျိုးပေါ့။ ဒါကလည်း အဓိက စိန်ခေါ်မှုပဲလေ။ ဘာလို့လဲဆိုရင် ကိုယ်စားလှယ် ထွက်ရှိလာမှု အပေါ်ကလည်း အခုက
မထွက်သေးဘူး။ ဥပမာ ပညာအရည်အချင်း ကန့်သတ်ချက်တွေ လုပ်ရင် ကိုယ်စားလှယ်က ထွက်လာနိုင်ပါ့မလားဆိုတာကလည်း တစ်ခု ရှိသေးတယ်။ ပါတီတွင်းမှာတော့ အစည်းအဝေးတွေ လုပ်ပြီးတော့ ညှိနှိုင်းရဦးမယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုအခါ နိုင်ငံရေးပါတီများအနေဖြင့် မဟာမိတ်ဖွဲ့ကာ ပါတီတစ်ခုတည်းအဖြစ် ပြန်လည် မှတ်ပုံတင်ရန်လည်း လုပ်ဆောင်နေကြကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ပါတီတာဝန်ရှိသူက ဆိုသည်။
“အခုအတိုင်း ဖြစ်လာနိုင်တယ်လို့ ကြိုတင်တွက်ဆထားတာကြောင့် ကျွန်တော်တို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်လို့ မရဘူးဆိုတာကိုလည်း တွက်ဆထားပြီးသား ဖြစ်လို့ မဟာမိတ်ဆိုတာမျိုး ပြောလို့ မရတဲ့ 3 in 1 ၊ 4 in 1 ၊ 5 in 1 ကြိုတင်ညှိနှိုင်းထားတာတွေ ရှိတယ်။ ဒါကြောင့် အချို့ပါတီတွေနဲ့ အဲဒီပါတီရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းထားပြီးသားလည်း အတန်အသင့်ရှိတယ်ဆိုတာ ထုတ်ပြောလို့ ရပါတယ်။ စုပေါင်းပြီးတော့ပေါ့။ သီးခြားပါတီ နာမည်တစ်ခုနဲ့ ကော်မရှင်မှာ မှတ်ပုံတင်ရမယ်။ အကုန်လုံးအဆင်သင့် လုပ်ပြီးပြီ။ တစ်နိုင်ငံလုံး ဝင်ပြိုင်နိုင်မယ့် ပါတီဟာ ၆ ခု ၈ ခု လောက်ပဲ ကျန်တော့မယ်လို့ ယူဆရတယ်။ တူရာတူရာ စုပြီး ပါတီတွေ ပါတီတစ်ခု စုစည်းကြမယ့်သဘော ဖြစ်သွားမှာပါ။ ပါတီအင်အား တစ်သိန်းကလည်း အခက်အခဲမရှိနိုင်ဘူး။ သိန်းတစ်ထောင် ကိစ္စကလည်း အခက်အခဲ မရှိနိုင်ဘူး။ အခက်အခဲကတော့ နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ ၃၃၀ ရဲ့ တစ်ဝက်ဖြစ်တဲ့ ရုံးတွေ ရဖို့အတွက် အကုန်လုံး ခေါင်းစားနေကြပါတယ်။ အကြောင်းရင်းကတော့ လုံခြုံရေးကိစ္စပေါ့ “ဟု ယင်းက ပြောသည်။