October 22, 2024

လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူထားသော ပြည်တွင်းကြက်မဲမွေးမြူရေးလုပ်ငန်းတစ်ခုကို တွေ့ရစဥ်

၅. ၁၀. ၂၀၂၂
Written by Hay Mar

ကြက်မဲကို ဆေးဝါးအဖြစ်သာ စားသုံးရာမှ ပြည်တွင်း၌ ကြက်မဲ အသားနှင့် ဥ စားသုံးမှု သိသိသာသာ မြင့်တက်လာသဖြင့် အသားထုတ်လုပ်မှုနှင့် ဥစျေးကွက်ပါတွင်ကျယ်လာသည်ဟု ကြက်မဲ မွေးမြူရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

ကြက်မဲကို ဆေးဝါးအဖြစ်သာ ယခင်က စားသုံးကြပြီး ၂၀၁၅ ခုနှစ်ခန့်အထိ ရှမ်းပြည်နယ် ကျူကုတ် ပန်ဆိုင်း ဘက်နှင့် တရုတ်ပြည်နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ မှာယူစားသုံးမှုမျိုးသာ ရှိခဲ့သည်။၂၀၁၉ ကိုဗစ်ကပ်ရောဂါ ပြည်တွင်း၌ဖြစ်ပွားလာသည့်အခါ ဆေးဝါးအာဟာရအဖြစ် ကြက်မဲစွပ်ပြုတ်နှင့် ကြက်မဲဥကို ရှာဖွေစားသုံးမှုများလာသည့်အတွက် မြေပြန့်တွင်ပါ ကြက်မဲမွေးမြူရေး လုပ်ငန်းများလည်း တွင်ကျယ်လာခြင်းဖြစ်သည်။

“ဟော့ပေါ့ဆိုင်ယဥ်ကျေးမှု တွင်ကျယ်လာတာကနေ ကြက်မဲက ဈေးကွက်တင်ကြော်ငြာလိုက်သလိုဖြစ်လာတာ။ အရင်က ဥဈေးကွက်တော့ ရှိတယ်။ ၁၉၉၈၊ ၉၉ လောက်ကတည်းက ကြက်မဲဥကို ပြည်တွင်းမှာမွေးမြူရောင်းချတာရှိတယ်။ အသားကကြတော့ မြန်မာအကြိုက် မဟုတ်တာရော မွေးမြူရတဲ့နည်းစနစ်တွေကြောင့် ဈေးကြီးတာရောကြောင့် ဈေးကွက်မှာ တင်ဖို့မဖြစ်နိုင်ခဲ့ဘူး။ ကိုဗစ် ဖြစ်လာတော့ တတ်နိုင်တဲ့သူတွေက ကြက်မဲစွပ်ပြုတ်နဲ့ ကိုယ်ခံအားမြှင့်တင်ကြတာပေါ့။ အဲဒီကနေ အခု ဈေးကွက်မှာ ခြေတော့ စလှမ်းဖို့ကြိုးစားနေတာ“ ဟု မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ကြက်မဲခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ကြက်မဲ၏ အားသာချက်များမှာ အမျိုးသားများ အာရုံကြောအားနည်းခြင်း၊ အကြောအားနည်းခြင်းများကို သက်သာစေနိုင်ပြီး အမျိုးသမီးရောဂါများကိုလည်း သက်သာအောင်အထောက်အပံ့ပေးနိုင်သဖြင့် တရုတ်နိုင်ငံ၌ တွင်တွင်ကျယ်ကျယ် စားသုံးလေ့ရှိသည့် အာဟာရဓာတ်စာတစ်မျိုးလည်း ဖြစ်သည်။

မွေးမြူပုံမှာလည်း ခြံလှောင်အိမ်နှင့်မွေးမြူခြင်းထက် လွှတ်ကျောင်းမွေးမြူသည့်ပုံစံဖြင့် မွေးမြူကြကာ ကြက်သားပေါက်ဈေးနှုန်းများမှာ ၄၅ ရက်သား တစ်ကောင်လျှင် ကျပ် ၈၀၀၀ ခန့်ဖြင့် ဝယ်ယူမွေးမြူကြရပြီး အသားထုတ်လုပ်နိုင်သည့် ကြက်မဒန်းတစ်ကောင်၏ဈေးမှာ ကျပ် ၃၅၀၀၀ မှ ၅၀၀၀၀ ကြားတွင်ရှိသည်။ ကြက်မဲဥတစ်လုံး၏ ရောင်းချသည့်နှုန်းထားမှာ ကျပ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ပြီး အမွေးမှအစ ခြေထောက်အထိ အမဲရောင်ဖြစ်သည့် ကြက်မဲမှ ဥသည့် အပြာရောင်ကြက်ဥမှာ ဈေး ၂ ဆခန့် ပိုမိုများပြားသည်။

မြန်မာနိုင်ငံတွင် မွေးမြူရောင်းချသည့် ကြက်မဲအမျိုးအစား ၂ မျိုးရှိပြီး အင်ဒို ဂျာဗားစပ် ကြက်မဲမျိုးနှင့် ယူနန် ဆမ်းမားမျိုးတို့ဖြစ်သည်။ အင်ဒိုဂျာဗားစပ် ကြက်မဲအမျိုးအစားမှာ အမွေးမှအစ အသား၊ အတွင်းကလီစာများအထိ အမဲရောင်သန်းနေပြီး ဥ မှာ ခိုပြာရောင် သန်းသည်။ ယူနန် ဆမ်းမား ကြက်မဲမျိုးများမှာ အမွေးအတောင်မမဲဘဲ အသားမှာ အမဲရောင်သန်းကာ ဥ မှာ မြန်မာကြက်ဥ နှင့် ဆင်တူသည်။

 

ကြက်မဲ ဥ

Leave a Reply

Your email address will not be published. Required fields are marked *