MT News
Written By Thandar
Canal+ ရဲ့ ၅ နှစ်ပြည့် အထူးဈေးရောင်းပွဲတော် နဲ့ “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကန်သာယာရှော့ပင်းမောမှာ ကျင်းပခဲ့ပါတယ်။
“မောင်မောင်တို့ရဲ့ မောင်မောင်”ကတော့ Canal+ကနေ ကျွန်တော့်ကို ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တဲ့ကားလေးပါ။ကျွန်တော့်ရဲ့ ဇာတ်လမ်းတွဲတွေက သိပ်ရိုက်ဖြစ်တာတော့ မရှိဘူး။ ဒုတိယမြောက်ဇာတ်လမ်းတွဲလို့လည်းပြောလို့ရတယ်။ ဒီကားမှာက ပါဝင်တဲ့ယောက်ျားလေးတွေ တော်တော်များတယ်။ စနိုးဝှိုက် လူပုလေးဇာတ်ပုံစံကို ပြောင်းပြန်ယူလိုက်တာပါ။ အချောကြီးတွေက ၇ ယောက်မှာ ကောင်မလေး ဘဲရုပ်ဆိုးလေး “သူဇာမောင်မောင်”က ညီမလေးပေါ့။ မိဘတွေမရှိတော့ဘဲ မောင်နှမ ၈ ယောက် ကာရိုက်တာလေးပါ။ ဟာသရယ် ၊ မိသားစုမောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ထားတယ်။ ဒီကားကြည့်ပြီး ကိုယ့်မိသားစု သူငယ်ချင်းတွေဖြတ်သန်းရတာကို ပြန်အမှတ်ရစေမှာပါ။ ကြည့်ရတာလည်း Entertain တစ်ခုဖြစ်မယ့်ကားလေးပါ”လို့ ဒါရိုက်တာအောင်မြတ်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ Canal+ ရဲ့ ၅ နှစ်ပြည့်အထူးဈေးရောင်းပွဲတော်အနေနဲ့ Canal+ စက်တွေကိုလည်း ကျပ် ၂၉၀၀၀ ကနေ ကျပ် ၁၅၀၀၀ နဲ့ ဈေးလျှော့ရောင်းပေးခဲ့ပြီး မေးခွန်း အမေး အဖြေတွေမှာ ကံစမ်းမဲတွေပေးခဲ့ပါတယ်။ “မောင်မောင်တို့ရဲ့ မောင်မောင်”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သူတွေကလည်း လက်မှတ်ရေးထိုးပြီး ဂိမ်းတွေဆော့ကစားခဲ့ကြပါတယ်။
၂၆ မိနစ်စာ အပိုင်း ၆၂ ပိုင်း ပါဝင်တဲ့ ဟာသ၊ အချစ်၊ ဒရာမာ “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီ ၁၆ ရက်ကနေစပြီး အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီခွဲမှာ Canal+ Zat Lenn မှာ ထုတ်လွှင့် ပြသနေလျှက်ရှိပါတယ်။
Dreamwalkerz Productions က “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပြီး သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ထွန်းထွန်း ၊ ချာလီ ၊ အောင်ဇေယျမင်းထင် ၊ ဟန်လင်း ၊ မင်းခန့် ၊ စူးရှထူးကြည် ၊ ရဲနောင်ချို ၊ မေထိုက်မွန်(ခ)Mandy ၊ ခိုင်စု စတဲ့ တတ်သစ်စအနုပညာရှင်တချို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ဒီကားလေးက ထူးခြားမှုလေးတွေ ရယ်စရာလေးတွေလည်းပါမယ်။ ထုံးစံအတိုင်း Ro မယ်။ Drama နည်းနည်းပါမယ်ဆိုတော့ ကြည့်ရတာ တန်မယ့် ခပ်မိုက်မိုက် စီးရီးလေး ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
ဒါရိုက်တာ အောင်မြတ်ဟာ ၂၀၁၇ ခုနှစ်မှာ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲပြီးကတည်းက ကြော်ငြာ၊ ရုပ်ရှင်တွေရိုက်ကူးမှုတချို့ ပြုလုပ်ခဲ့ပေမယ့် ဒါကတော့ ဒုတိယအကြိမ်ပြန်လည် ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။