၂၉. ၁. ၂၀၂၃
Written by Phyo Wei
ဝင်ငွေမြင့်တက်လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ စားချင်တဲ့ဆန်ဟာ ပေါ်ဆန်းမွှေးဖြစ်တယ်လို့ ၂၀၁၆ ခုနှစ်တုန်းက ဆန်အသင်းနဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းကောက်ခံခဲ့တဲ့ သုတေသနစစ်တမ်းမှာ အဖြေထွက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပေါ်ဆန်းတစ်အိတ်ဟာ ကျပ် ၃၀၀၀၀ ကျော်သာ ရှိပေမဲ့ လက်ရှိအချိန်မှာတော့ ဆန်ကြမ်းတောင် တစ်အိတ်ကို ၄၀၀၀၀ အထက်ဖြစ်လာနေပြီဖြစ်ပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ်ဟာ ကျပ် ၁၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာမလုံခြုံမှုအကျပ်အတည်းကြားမှာ နဂိုကတည်းက ဆင်းရဲမွဲတေမှုမျဉ်းမှာရှိနေတဲ့ မြန်မာနိုင်ငံသားအချို့ဟာ ဆန်ကြမ်းနဲ့ နပ်မှန်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အခြေအနေပါ။ အခြားတစ်ဖက်မှာလည်း စပါးစိုက်ပျိုးမှု ကျဆင်းလာတာ၊ စစ်ရေးဆိုင်ရာပဋိပက္ခတွေနဲ့ လမ်းခရီးမလုံခြုံမှု အချိန်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းဆန်စျေးဟာ ဖြစ်သင့်တဲ့နှုန်းထက် ပိုပိုမြင့်တက်လာတာကို ရင်မောစရာတွေ့မြင်နေရတဲ့ ဒီရက်သတ္တပတ်မှာ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြန်လည်ဦးမော့လာတဲ့ အထည်ချုပ်လုပ်ငန်းတွေအကြောင်း၊ စတင်ပြေးဆွဲတော့မဲ့ လျှပ်စစ်ကားတက္ကစီတွေအကြောင်းနဲ့ မြန်မာနိုင်ငံမှာဆက်လက်ရှင်သန်ရေး ကူညီပေးဖို့လိုအပ်နေတဲ့ ကိုရီးယားလုပ်ငန်းတွေအကြောင်းကို တင်ပြချင်ပါတယ်။
“ပြန်လည်ဦးမော့လာတဲ့ အထည်ချုပ်”
နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှာ မြှုပ်နှံနေတဲ့ တာဝန်သိ၊ တာဝန်ခံတဲ့လုပ်ငန်းတွေ ပြန်လည်ထွက်ခွာဖို့ NUG အပါအဝင် ဝိုင်းဝန်းဖိအားပေးသူတွေကြောင့် လုပ်ငန်းကြီးအများစုဟာ မထွက်ခွာချင်ဘဲ ထွက်ခွာနေရပါတယ်။ အဲဒီအထဲမှာ အခိုက်အတန့်ခက်ခဲခဲ့တာက အထည်ချုပ်လုပ်ငန်းတွေလည်းပါပြီး ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံက အထည်ချုပ်တွေကို CMP စနစ်နဲ့ ချုပ်လုပ်ဖို့ အမှာလျော့ကျခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ အမေရိကန်၊ တရုတ်၊ EU နဲ့ ဂျပန်ကအော်ဒါမှာယူမှုများလာတာကြောင့် နှစ်နှစ်ကျော်ကျဆင်းနေတဲ့ မြန်မာ့အထည်ချုပ်ကဏ္ဍ ပြန်လည်ဦးမော့လာပြီး လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ ကိုးလမှာ မြန်မာနိုင်ငံက ပြည်ပကို အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုဟာ ဒေါ်လာလေးဘီလျံကျော် ရရှိထားပြီး ပြန်လည်ဦးမော့လာနေပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံက တာဝန်သိ နိုင်ငံတကာကုမ္ပဏီကြီးတွေ ထွက်သွားအောင် လုပ်နေတဲ့သူတွေဟာ သူတို့လုပ်ရပ်ကြောင့်ပဲ ဒီလုပ်ငန်းတွေဟာ ခရိုနီတွေပဲ ပိုင်ဆိုင်ကုန်တာ၊ တာဝန်သိကုမ္ပဏီကြီးတွေနေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ကုမ္ပဏီအသေးတွေ ဝင်လာတာကို ချိန်ဆမယ်ဆိုရင် ဒီလုပ်ရပ်ဟာ ဘယ်လောက်တောင် အသိဉာဏ်နည်းတဲ့ လုပ်ရပ်လည်းဆိုတာ မြင်သာမှာပါ။ သေချာတာကတော့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ ထွက်ခွာလေလေ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ နစ်နာလေလေဖြစ်နေတာကြောင့်မို့လို့ NUG ရဲ့ လုပ်ရပ်ဟာ ခရိုနီတွေ ကြွယ်၀ရေးလို့ပဲ ပြောရတော့မှာပါ။
“စတင်ပြေးဆွဲတော့မဲ့ လျှပ်စစ်ကားတက္ကစီ”
မြန်မာနိုင်ငံတွင်းက တက္ကစီတွေထဲမှာ မောင်းသူရော စီးသူပါကြိုက်တဲ့ တက္ကစီကတော့ Fielder ဖြစ်ပြီး သိန်း ၄၀၀ ပတ်ခြာလည် စျေးတန်းမှာရှိပါတယ်။ စျေးအနိမ့်ဆုံး နယ်တက္ကစီတွေက သိန်း ၁၅၀ ပတ်ခြာလည်မှာရှိနေတာကြောင့် သိန်း ၇၀၀ ဆိုတဲ့ ပမာဏဟာ အကောင်းဆုံးဆိုတဲ့ Fielder တစ်စီးနဲ့ လက်တင်သုံးတက္ကစီတစ်စီးလောက် ဝယ်သုံးနိုင်သလို ၁၅၀ စျေးတန်းက ဝယ်မယ်ဆိုလည်း လေးစီးငါးစီးရနိုင်ပြီး တစ်နေ့အုံနာကြေး ၆၀၀၀၀ လောက် ရနိုင်တဲ့နှုန်းထားပါ။ ဒါကြောင့်မို့လို့ သိန်း ၇၀၀ လောက်နဲ့ စစီးရမဲ့ EV လျှပ်စစ်ကားတွေကို တက္ကစီအဖြစ် စ မြင်ရမယ်လို့ ဘယ်သူမှ ထင်မထားပေမဲ့ လက်ရှိအချိန်မှာတော့ ၂၀၂၃ ခုနှစ်မှာ စတင်လာတဲ့ EV လျှပ်စစ်ကားတော်လှန်ရေးဟာ တက္ကစီအဖြစ်နဲ့ ပြည်တွင်းကို အဖွင့်ပွဲဆင်နွှဲပါတယ်။
လက်ရှိမှာဆို လျှပ်စစ်ကားတင်သွင်းဖို့ ကုမ္ပဏီနှစ်ခုကို ခွင့်ပြုပေးခဲ့ပြီး လျှပ်စစ်ကားအစီးရေ ၄၀ တင်သွင်းထားခဲ့ပြီဖြစ်သလို ရန်ကုန်နဲ့ နေပြည်တော်မှာ တက္ကစီတွေအဖြစ် စမ်းသပ်ပြေးဆွဲတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားသွင်းဖို့ Charging Station တွေကိုလည်း တည်ဆောက်နေပြီဖြစ်လို့ မကြာမီကာလအတွင်းမှာ EV လျှပ်စစ်ကားတွေဟာ သာမန်ပြည်သူတွေ ပိုက်ဆံ ၅၀၀၀ လောက်နဲ့ စစီးကြည့်နိုင်တော့မှာဖြစ်သလို စီးနိုင်တဲ့လူတန်းစားတွေရဲ့ အပြိုင်အဆိုင်ဝယ်ယူမှုတွေလည်း မြင်လာရနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း နိုင်ငံ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ မီးရတဲ့အခြေအနေမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ဖြတ်တောက်ခံရ၊ မိုင်းခွဲဖျက်ဆီးခံနေရလို့ မီးတောင်ပုံမှန်မပေးနိုင်တဲ့ကာလမှာ ဘာနဲ့ အားသွင်းကြမှာလဲဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေဆဲမို့လို့ လျှပ်စစ်ကားတော်လှန်ရေးဟာ အချိန်အတော်ပေးရဦးမဲ့ သဘောပါ။
“မြန်မာနိုင်ငံမှာဆက်လက်ရှင်သန်ရေး ကူညီပေးဖို့လိုအပ်နေတဲ့ ကိုရီးယားလုပ်ငန်းများ”
၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလမှာ အစိုးရအပြောင်းအလဲကို ဂရုမစိုက်ဘဲ၊ NUG နဲ့ နိုင်ငံတကာဖိအားကို လျစ်လျှူရှုပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့နိုင်ငံတွေထဲမှာ တစ်ခုတည်းသော နိုင်ငံကို ပြပါဆိုရင် ကိုရီးယားနိုင်ငံကို ပြရလိမ့်မယ်ထင်ပါတယ်။ အဲဒီအထဲမှာ သက်သေတစ်ခုကတော့ ကိုရီးယားအကူအညီရယူတည်ဆောက်နေတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားပါ။ ကိုရိးယားအစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ( Economic Develop ment Cooperation Fund-EDCF) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်နဲ့ တည်ဆောက်နေတဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား စီမံကိန်းဟာ ကိုဗစ်ကာလမှာပဲ ခဏတာရပ်ပြီး ဆက်တိုက်လုပ်နေတာဟာ အာဏာပဋိပက္ခကြောင့် တခြားသော ODA လုပ်ငန်းတွေ ရပ်တန့်နေချိန်မှာ မြင်သာစေတဲ့ ဥပမာပါ။
အခြားတစ်ဖက်မှာ မြန်မာနိုင်ငံက လုပ်သားတွေကို ကိုရီးယားနိုင်ငံဆီ စဉ်ဆက်မပြတ်ခေါ်ယူပေးလာနေတဲ့အပြင် တောင်ကိုရီးယားအစိုးရပိုင် Land and Housing Corporation (LH) နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန (MOC) တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညောင်နှစ်ပင်က ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းမှု စက်မှုဇုန် (KMIC) စီမံကိန်းဟာလည်း အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းတွေကို ၂၀၂၃ ခုနှစ်အတွင်းအပြီးသတ်နိုင်ဖို့ စိုင်းပြင်းနေပါတယ်။ ဒါ့အပြင်လည်း ကိုရီးယားလုပ်ငန်းတွေအများစုဟာ မြန်မာနိုင်ငံထဲမှာ ဆက်လက်လည်ပတ်နေကြပေမဲ့ လက်ရှိအချိန်မှာတော့ ကိုရီးယားကုမ္ပဏီတွေ ဆက်လက်ရှင်သန်ဖို့နဲ့ မြန်မာအလုပ်သမားတွေ အလုပ်အကိုင်တည်မြဲဖို့အတွက် ကိုရီးယားလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တာဝန်ရှိသူတွေ သိရှိကူညီနိုင်ဖို့ မြန်မာနိုင်ငံအခြေစိုက် Korea Chamber of Commerce in Myanmar ဥက္ကဋ္ဌ Ms. Park Jeong – Hwan နဲ့ အဖွဲဝင်တွေက UMFCC ကို လာရောက်တွေ့ဆုံ အကူအညီတောင်းခံခဲ့တာကိုလည်း တွေ့လာရပါတယ်။
လက်ရှိမြန်မာနိုင်ငံက ကိုရီးယားလုပ်ငန်းရှင်တွေဟာ ဗီဇာရရှိရေးအခက်ကြုံနေရသလို၊ သွင်းကုန်၊ ပို့ကုန် လိုင်စင် ကန့်သတ်မှုတွေကလည်း တင်းကျပ်ထားတာကြောင့် ဖြေလျော့ပေးဖို့ တောင်းဆိုလာနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လုပ်ငန်းတိုင်းကြုံနေရတဲ့ လျှပ်စစ်မီးအကျပ်အတည်း၊ ဒေါ်လာငွေလဲလှယ်မှုနှုန်းဂယက်၊ ဈေးကွက်ထဲ တင်ပို့ရာမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို အဆင်ပြေစေဖို့အတွက် တာဝန်ရှိသူတွေကို တင်ပြနိုင်သူတွေဆီ လိုက်လံချည်းကပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။
ရိနဲ့နဲ့ မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းရေးလုပ်ဆောင်ဖို့ အားထုတ်နေကြတဲ့သူတွေကြောင့် လျှပ်စစ်မီးခက်ခဲနေသလို ဘဏ်စနစ်ပြိုပျက်ပြီး ငွေရေးကြေးရေးအကျပ်အတည်းကြုံမှ ပြည်သူတွေ ဆူပူမယ်လို့ ယူဆမှုတွေကြောင့်လည်း ငွေဖောင်းပွမှုဖြစ်အောင်၊ ကျပ်ငွေအပေါ် ပြည်သူမယုံအောင် လုပ်ဆောင်နေကြလို့ ငွေကြေးကဏ္ဍကိုလည်း ထိန်းချုပ်ထားရသလို ဒေါ်လာအကျပ်အတည်းအလွန်အကျွံမကြုံအောင်လည်း နည်းမျိုးစုံနဲ့ ထိန်းကွပ်နေရတဲ့အခြေအနေပါ။ ဒီလိုမျိုးအခြေအနေမှာ ကုန်သွယ်မှုလိုငွေအလွန်အကျွံဖြစ်မှာကိုလည်း စိုးရိမ်နေပြန်တော့ နည်းမျိုးစုံနဲ့ ပို့ကုန်သွင်းကုန်တွေကို ကန့်သတ်ထားလို့ ကိုရီးယားလုပ်ငန်းရှင်တွေသာမက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသူတွေအားလုံး အကျပ်အတည်းကြုံနေရတဲ့ ကာလပါ။ ဒီလိုကာလမျိုးဖြစ်ပေမဲ့လည်း အခြားတစ်ဖက်မှာ မလိုအပ်တဲ့ကြိုးနီစနစ်တွေ၊ အဂတိလိုက်စားပြီး မကျပ်ကျပ်အောင် ညှစ်ထားတာမျိုးတွေနဲ့ အလုပ်မတွင်ကျယ်အောင် ကန့်သတ်ထားတာမျိုးတွေကတော့ စနစ်တကျကို ဖြေရှင်းဆောင်ရွက်ရမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။