၅.၁၀.၂၀၂၂
Written by Hey Mar
မန္တလေး နန်းမြို့ရိုးပတ်လမ်းနံဘေးတွင် ခင်းထားသည့်အလှမြက်ခင်းကြောင့် မြို့ရိုးအုတ်တံတိုင်းတွင် ဆိုးကျိုးသက်ရောက်မှု ရှိနေသဖြင့် မြက်ခင်းကို ပြန်လည်ဖယ်ရှားရန် လုပ်ဆောင်နေကြောင်း မန္တလေး ရှေးဟောင်း သုတေသနဌာနမှ အောက်တိုဘာ ၅ ရက်တွင် သိရသည်။
အလှဆင်မြက် ခင်းခဲ့စဥ်က မြက်ခင်းအောက်တွင် ပလပ်စတစ်အပါး တစ်ထပ်ခံထားသည့်အတွက် မြေကြီးမှ ရေကို ကောင်းစွာ မစုပ်ယူနိုင်ဘဲ ယခုအတိုင်း ဆက်လက်ထားရှိပါက မြို့ရိုးအောက်ပိုင်းများမှာ ရေငွေ့စုပ်ယူမှုကြောင့် ပိုမိုပျက်စီးလာနိုင်သည်ဟု ပညာရှင်များကလည်း ထောက်ပြပြောဆိုထားသည်။
“ မန္တလေးမြို့တော်စည်ပင်က ရေ ဝင်တာကို မဝင်အောင် မြက်ခင်းအောက်က ရေထုတ်တဲ့ စနစ်တွေစီစဉ်လုပ်ဆောင်နေပါတယ်။ မြို့ရိုး အရှေ့ဘက်နဲ့ တောင်ဘက် ၉ နေရာမှာ စီစဥ်ဆောင်ရွက်ထားပြီးပါပြီ။ အခု နောက်ထပ် ၆ နေရာကို ထပ်မံပြုပြင်လုပ်ဆောင်နေပါတယ်” ဟု မန္တလေးရှေးဟောင်း သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထို့ပြင် မြို့ရိုးအပေါ်ဘက် သူရဲပြေးလမ်း၏ အုတ်ကြားမှရေဝင်ပြီး မြို့ရိုးအတွင်းရေတားနှင့်ထိစပ်နေသည့်နေရာများကိုလည်း ပြုပြင်ဆောင်ရွက်မှု ပြုလုပ်နေကြောင်း ဒေါက်တာသန်းထိုက်က ဆိုသည်။
နန်းမြို့ရိုး ရေရှည်တည်တံ့ရေးအတွက် HIA (Heritage Impact Assessment ) လုပ်ငန်းစဉ်များဖြစ်သည့် မြေသားကြံ့ခိုင်မှု စမ်းသပ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ပြုလုပ်လျှက်ရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် အထာက်အကူပြုနိုင်မည့် Drone Survey ပြုလုပ်ကာ ရရှိသည့် ရလဒ်ပေါ်မူတည်ပြီး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။