၂၈. ၁. ၂၀၂၃
Written by Nay Moe
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီတံတားအား ယနေ့နံနက်တွင် မိုင်းများဖြင့် ဖောက်ခွဲခံရမှုကြောင့် ထက်ပိုင်းကျိုးသွားပြီး မှီခိုသွားလာနေရသည့် ပြည်သူသုံးသိန်းခန့် အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၂၀ ရက်မှစတင်၍ ကော့ကရိတ်၊ ဘုရားသုံးဆူ၊ ကျုံဒိုး၊ ကြအင်းဆိပ်ကြီးစသည့်မြို့နယ်များကို ဗိုလ်ဒါဘောဦးစီးသည့် Lion Battalion Commando -ဗျုဟာစစ်ကြောင်း၊ ဗိုလ်လင်းယုန်၏ မြို့ပြပြောက်ကျားအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများအကြား ပြည်သူ့နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့သလို ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်က ထိုးစစ်ဆင်မှု ရပ်တန့်လိုက်၍ အဆိုပါဖြစ်စဥ်အပေါ် PDF ပူးပေါင်းအဖွဲ့များက လှည့်လည် အောင်ပွဲခံမှုပြုလုပ်ခဲ့သည်။ ထို့နောက် တပ်မတော်စစ်ကြောင်းများ ထပ်မံထိုးစစ်ဆင်မလာနိုင်စေရန် အရေးပါသောလမ်းပိုင်းများကို ဖြတ်တောက်စစ်ဆင်ရာတွင် ဒါလီတံတားပါဝင်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
“ဒီမနက် လေးနာရီ၊ ငါးနာရီလောက်က မိုင်းခွဲသွားတာ။ မနက်အစောကြီးဖြစ်နေတာရော တိုက်ပွဲတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာရောကြောင့် တံတားကို ဖောက်ခွဲတာလို့ ဘယ်သူမှမထင်ကြဘူး။ မနက်လင်းမှသိကြတာ။ ဒီတံတားက ကြာအင်းဆိပ်ကြီးအတွက် အဓိက တံတား။ အခုတော့ အကုန်လုံးဒုက္ခရောက်တာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်သည် လူဦးရေ ၂၅၀၀၀၀ ခန့်နေထိုင်ပြီး ကျေးလက်တွင် နှစ်သိန်းခန့်နေထိုင်ကာ အဆိုပါ ဒါလီတံတားမှာ ပြန်လည်ပြုပြင်ရန် မလွယ်ကူအောင် ထက်ပိုင်းကျိုးသွားသဖြင့် အသစ်တည်ဆောက်ရန် မလွယ်ကူသောအခြေအနေတွင် ဒေသခံပြည်သူများအနေဖြင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။