၂၇ . ၁. ၂၀၂၃
Written By Thandar
မြန်မာသံစဉ်နဲ့ ခေတ်ပေါ်သံစဉ်တွေကို သီဆိုတတ်တဲ့ တေးသံရှင် အောင်အေးချစ်ကတော့ လက်ရှိကြုံတွေ့နေတဲ့ ခံစားချက်တွေနဲ့ ထပ်တူကျသွားတဲ့ သူ့ရဲ့သီချင်းလေးထွက်ရှိလာအုံးမယ်လို့ MT News Entertainment ကိုပြောပါတယ်။ ကိုယ်ပိုင်ခံစားချက်တွေပါဝင်တဲ့ “သတိရလို့ပါ” ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီမှာတော့ Music Net၊ www.youtube.com/@ aungayechit, International Streaming တွေ ဖြစ်တဲ့ Youtube, Spotify, Apple Music, Amazon တို့က တင်ဆက်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်နဲ့ ညီဖြစ်တဲ့ ထူးဝဏ်ကျော်နဲ့ တက္ကသိုလ်ကျောင်းသားဘဝထဲက ရေးစပ်ထားတဲ့ သီချင်းလေးပါ။ သီချင်းလေးတွေ ရေးဖြစ်ခဲ့ပေမယ့် ခုမှသီချင်းတွေ ထုတ်ဖြစ်တာပါ။ စာသားလေးတချို့ကို လက်ရှိ ခံစားချက်တချို့နဲ့ ကိုက်ညီအောင် ရေးထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ ကောင်မလေးကို သတိရတဲ့အကြောင်းလေးပါ။ သူ့ကို ချစ်တယ်၊ လွမ်းတယ်၊ သတိရလို့ မမေ့နိုင်ဘူး။ သူနဲ့ ကိုယ်နဲ့ ဘယ်တော့မှ ပြန်မဆုံစည်းနိုင်ကြတော့ဘူး။ ဒီလက်တွေ့ ခံစားချက်တွေကို သီချင်းလေးအဖြစ် ဖန်တီးလိုက်တာပါ။ ကျွန်တော့်ရဲ့ လက်ရှိကြုံတွေ့နေတဲ့ ခံစားချက်တွေနဲ့ ထပ်တူကျသွားတဲ့သီချင်းလေးပါ”လို့ တေးသံရှင် အောင်အေးချစ်က ပြောပါတယ်။
ဒီသီချင်းကို ၂၀၀၅၊ ၂၀၀၆ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝက အောင်အေးချစ်နဲ့ ထူးဝဏ်ကျော်တို့က ရေးစပ်ထားတဲ့ ကိုယ်ပိုင်သံစဉ်ကို ခေတ်ရေစီးကြောင်းနဲ့အညီ စာသားတစ်ချို့ ပြောင်းရေးဖွဲထ့ားတယ်လို့လည်း သိရပါတယ်။ R&B ဂီတအမျိုးအစားဖြစ်ပြီးတော့ Music Producer ဆက်ဝေအောင်၊ Guitar ရဲနိုင်ကျော်၊ Mixing & Mastering ငွေဇာတို့က တီးခတ်ပေးထားတယ်လို့ သိရပါတယ်။
“သတိရလို့ပါ” သီချင်းရဲ့ Animated Lyric Video နဲ့ Cover Art ကိုတော့ နာမည်ကျော်အဆိုတော် စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံက ဖန်တီးပေးထားတယ်လို့ သိရပါတယ်။
အောင်အေးချစ်ကတော့ ၂၀၁၁ ခုနှစ် တစ်ကိုယ်တော် ပထမခွေကို “အောင်အေးချစ် သင်္ကြန်” သီချင်းခွေနဲ့ ပွဲဦးထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒုတိယမြောက် တစ်ကိုယ်တော် “မမမိုးမချစ်စု” သီချင်းခွေထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ချစ်ရက်နဲ့ ပြန်မဆုံစည်းနိုင်ကြတဲ့ ချစ်သူစုံတွဲအတွက် “သတိရလို့ပါ” သီချင်းနားထောင်ပြီး တစ်ကြိမ်တစ်ခါလောက် ပြန်သတိရနိုင်စေဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။