၅. ၁၀. ၂၀၂၂
Written by Nay Moe
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားအား NUG က ကျင်းပခဲ့ပြီး NUG ၏ ပညာရေးဝန်ကြီးဌာနကလည်း မော်ကွန်းဝင်တော်လှန်ပညာသူရဲကောင်းများအဖြစ် ဂုဏ်ပြုကြေညာချက် ထုတ်ပြန်ခဲ့သည်။
”လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းနေသည်ကို အားလုံးသိပြီးဖြစ်ပါသည်။ ပညာရေးနယ်မှ ဆရာ/ဆရာမအားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် ပင်မမဏ္ဍိုင်များဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနှင့်အတူ အုတ်မြစ်ချတည်ဆောက်ဖို့ ကျွန်တော်တို့တွင် ဆန္ဒရှိပါသည်” ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။
NUG ၏ အစီအစဥ်အရ ကြားကာလပညာရေးအတွင်း မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း တစ်ထောင်ကျော်၊ အွန်လိုင်းကျောင်းပေါင်း (၆၀) ကျော်နှင့် တက္ကသိုလ်အသွင် သင်ကြား ပို့ချနိုင်သည့် အခြေအနေများအထိ ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်းလည်း ဒူဝါလရှီးလက ဆက်လက်ပြောသည်။