၂၇.၁.၂၀၂၃.
translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံမှတင်သွင်းသော အသင့်စားခေါက်ဆွဲခြောက်ထုတ်အချို့တွင် ပိုးသတ်ဆေးအကြွင်းအကျန်များ စမ်းသပ်တွေ့ရှိရကြောင်း တရုတ်တိုင်ပေ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့(TFDA) က ကြေညာထားခဲ့အပြီးနောက်တွင် ထိုင်းနိုင်ငံ အစားအသောက်နှင့်ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA) ကလည်း အဆိုပါတံဆိပ် ခေါက်ဆွဲထုတ်များကို ထိုင်းနိုင်ငံအတွင်း ရောင်းချခြင်းမပြုရန် ပ်တ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၌ ပိုးသတ်ရာတွင် များပြားစွာအသုံးပြုကြသည့် အီတလင်းအောက်ဆိုဒ်ခေါ် ပိုးသတ်ဆေး သုည ဒသမ ၀၇၅ မီလီဂရမ်ကို Nongshim ကုမ္ပဏီထုတ် Shin Ranyun Black Tofu နှင့် Kimchi Cup Noodles အသင့်စားခေါက်ဆွဲထုတ်များတွင် စမ်းသပ်တွေ့ရှိရကြောင်း တရုတ်တိုင်ပေ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီလ ၁၇ ရက်ကကြေညာခဲ့သည်။
ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ကလည်း အဆိုပါခေါက်ဆွဲထုတ်များကို ထိုင်းနိုင်ငံအတွင်းသို့ ကိုရီးယားအစားအသောက်တင်သွင်းရေးကုမ္ပဏီတစ်ခုဖြစ်သော Prothai ကုမ္ပဏီလီမိတက်က တင်သွင်းနေကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။ ထိုအဖွဲ့ကဖေဖော်ဝါရီလ ၄ ရက်တွင် အသုံးပြုရန်သက်တမ်းကုန်ဆုံးမည့် Nongshim ကုမ္ပဏီထုတ် Cup Noodles အထုတ် ၄၈၀ နှင့် မေလ ၈ ရက်တွင် အသုံးပြုသက်တမ်းကုန်ဆုံးမည့် Cup Noodles အထုတ် ၂,၅၆၀ တို့အား ထိုင်းနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့က Nongshim ကုမ္ပဏီထုတ် Shin Ranyun Black Tofu နှင့် Kimchi Cup Noodles အသင့်စားခေါက်ဆွဲထုတ်များ ရောင်းချမှုအား ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်ပြီး အခြားဓာတုဆေးဝါးများပါဝင်မှု ရှိ မရှိလည်း စစ်ဆေးလျက်ရှိသည်။ ထို့ပြင် စားသုံးသူများကိုလည်း အဆိုပါအသုံးပြုရန်သက်တမ်းစေ့ရက်များမတိုင်မီ ထိုခေါက်ဆွဲထုတ်များအား စားသုံးခြင်းရှောင်ရှားကြရန် အကြံပြုထားသည်။
အီတလင်းအောက်ဆိုဒ်က ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ အသုံးမပြုရန်ပိတ်ပင်ထားသော ဓာတုဆေးဝါးတစ်မျိုးလည်းဖြစ်သည်။ အီတလင်းအောက်ဆိုဒ်ကို ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ၎င်းအကြွင်းအကျန်များပါဝင်သော အစားအသောက်များ တင်သွင်းမှုတို့အား ထိုင်းနိုင်ငံတွင် ဘတ်ငွေ ၅၀,၀၀၀ အထိ ဒဏ်ငွေရိုက်နိုင်သည်။
မြန်မာနိုင်ငံတွင်လည်း အဆိုပါ Nongshim ကုမ္ပဏီထုတ်ခေါက်ဆွဲထုတ်အမျိုးမျိုးကို အမြို့မြို့အနယ်နယ်ရှိ စူပါမားကတ်များနှင့် ကုန်တိုက်များတွင် ရောင်းချနေကြကြောင်း တွေ့ရသည်။
Ref—-Bangkok Post