၂၇.၁.၂၀၂၃.
translated by Htwe Ko Tun
အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းသို့ပေးပို့ထောက်ပံ့ရန် စီစဉ်ထားသည်တို့အနက် မည်သည့်လက်နက်ပစ္စည်းအမျိုးအစားကိုမှ ချန်လှပ်ထားရန် စီစဉ်ထားခြင်းမရှိပါကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်းက သတင်းထောက်များအား ဇန်နဝါရီလ ၂၆ ရက်က ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်များအရ ရုရှား၏ယူကရိန်းတွင် စစ်ဘက်အထူးစစ် ဆင်ရေးစတင်ခဲ့သည်မှစ၍ အမေရိကန်က ယူကရိန်းအစိုးရသို့ စစ်ရေးအကူအညီ ဒေါ်လာ ၂၄ ဘီလီယံကျော်ဖိုးထောက်ပံ့ရန် ခွဲဝေသတ်မှတ်ထားခဲ့သည်။
အမေရိကန်က ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်များပေးပို့သွားရန် ဖြစ်နိုင်ဖွယ် ရှိ မရှိ မေးခွန်းအား ဆာဘရီနာဆင်း က မည်သည့်စစ်ရေးအထောက်အပံ့များ ယူကရိန်းသို့ပေးပို့သွားရန်ရှိသည်ကို ၎င်းအနေနှင့်ကြိုတင်၍မသိကြောင်း၊ သမ္မတ (သို့မဟုတ်) ကာကွယ်ရေးဝန်ကြီးက ဆုံးဖြတ်ချက်အား ထုတ်ဖေါ်မပြောကြားသေးပါဘဲနှင့် ၎င်းအနေနှင့် မည်သည်ကိုထောက်ပံ့မည်ဟု မသိနိုင်ကြောင်း ဖြေကြားခဲ့သည်။
ဤကဲ့သို့ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းနှင့်တင့်ကားများထောက်ပံ့မှုအပေါ် ရုရှားအစိုးရ၏ပြောကြားချက်များအား မည်သို့ဝေဖန်လိုသနည်းဟု မေးမြန်းခဲ့သောအခါတွင် ဆာဘရီနာဆင်းက အမေရိကန်အစိုးရအနေဖြင် ၎င်း၏အထောက်အပံ့များက များစွာအလေးထားသုံးသပ်ရန်လိုသည်အထိ သက်ရောက်ပြင်းထန်မှုမရှိဟု ယူဆကြောင်းပြောခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်နှင့် ရုရှားအစိုးရတာဝန်ရှိသူများကမူ အနောက်အုပ်စု၏လက်နက်များ အခြားဒေသများသို့ ပျံ့နှံဝင်ရောက်လာခြင်း၏ အန္တရာယ်ကို ညွှန်ပြပြောကြားခဲ့ကြသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အနာတိုလီ အန်တိုနောဗ့်က အနောက်အုပ်စု၏ ယူကရိန်းကို အနောက်အုပ်စုပုံစံ စစ်ပုံသွင်းရန်ကြီုးစားနေမှုက ဥရောပနှင့် ကမ္ဘာ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့သည်။
Ref—tass.com