၅. ၁၀. ၂၀၂၂
Written by Tha Doe
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေး ဒုတိယနေ့ (အောက်တိုဘာ ၅ ရက်) တွင် USDP ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တွဲဘက်အထွေထွေအတွင်းရေးမှူးရာထူးများ ရွေးချယ်ခဲ့ပြီး ညီလာခံပထမနေ့က ထွက်ပေါ်ခဲ့သော သတင်းများနှင့် ကွဲလွဲမှုရှိခဲ့သည်။
USDP ၏ ညီလာခံပထမနေ့ မည်သည့်ရွေးချယ်မှုမျှ မပြုလုပ်ရမီပင်လျှင် USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးစိုးနိုင်၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးအဖြစ် ဦးအောင်စိုးနှင့် စီးပွားရေးရာဌာနကြီးမှူးအဖြစ် ဦးမျိုးမြင့်တို့ကို တာဝန်ပေးအပ်လိုက်သည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီး အဆိုပါ သတင်းထွက်မှုများမှာ အတုများသာဖြစ်ပြီး ယနေ့တွင် ရွေးချယ်မှုများ မပြုလုပ်သေးကြောင်း USDP တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒုဥက္ကဋ္ဌနေရာရယူခဲ့သည့် ဦးမျိုးဇော်သိန်းမှာ တပ်မတော်မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းဖြစ်ကြောင်း သတင်းမီဒီယာများက ရေးသားခဲ့ပြီး အဆိုပါနေ့တွင်ပင် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းအား စစ်ရေးချုပ်အဖြစ်မှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ထိုနည်းတူ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ဦးအောင်စိုးမှာလည်း ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဟု ရေးသားခဲ့သကဲ့သို့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးအား မြန်မာ့စီးပွားရေးဦးပိုင်သို့ ပြောင်းရွှေ့လိုက်သည်ဟုလည်း တပ်မတော်သတင်းများ ပျံနှံ့ခဲ့သည်။
USDP ညီလာခံ၏ ဒုတိယနေ့ရွေးချယ်မှုများအရ USDP ပါတီဥက္ကဋ္ဌနေရာအား ယာယီဥက္ကဋ္ဌဦးခင်ရီက တာဝန်လွှဲပြောင်းရယူခဲ့ပြီး ဒုဥက္ကဋ္ဌ- ၁ ရာထူးအား ဦးမြတ်ဟိန်းက ဆက်လက်ရယူကာ ဒုဥက္ကဋ္ဌ- ၂ ရာထူးအား ဦးလှထွန်းက ရယူခဲ့သည်။ အထွေထွေအတွင်းရေးမှူးနေရာမှာမူ လစ်လပ်နေပြီး တွဲဘက်အထွေထွေအတွင်းရေးမှူးနေရာကိုမူ ဦးတင်အောင်ချစ်က တာဝန်ရယူခဲ့ကာ လစ်လပ်နေရာအချို့ကိုမူ ဦးခင်ရီဦးဆောင်သော CEC အဖွဲ့က ဆက်လက်ရွေးချယ်မည်ဖြစ်ပြီး ယနေ့နေ့လယ်တွင် သတင်းစာရှင်းလင်းမည်ဟုလည်း သိရသည်။