◾️ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်အပေါ် နှိုင်းယှဥ်ချက်
၂၇. ၁. ၂၀၂၃
Written by Phyo Wei
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်မှာ အဓိကဝေဖန်နေတာက ပါတီဝင်တစ်သိန်းစုဆောင်းဖို့၊ ကျပ်သိန်း ၁၀၀၀ ဘဏ်စာရင်းပြဖို့၊ မြို့နယ်ရုံး ၁၆၅ ရုံးကို အချိန်တိုအတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ဆိုတဲ့အချက်တွေဖြစ်ပြီး လက်ရှိအချိန်မှာ NLD ပါတီက ပြန်လည်မှတ်ပုံတင်ဖို့ မသေချာတဲ့အခြေအနေ၊ ဦးရွှေမန်းရဲ့ UBP ပါတီက ဖျက်သိမ်းသွားတဲ့အခြေအနေမျိုးမှာ ဒီအခြေအနေဖြစ်နိုင်တာဆိုလို့ ဦးခင်ရီတို USDP၊ ဒေါက်တာသက်သက်ခိုင်တို့ PPP နဲ့ ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီလောက်ပဲကျန်နိုင်တဲ့အခြေအနေကို တွေ့ရပါတယ်။
ဒါကြောင့်လည်း ဒီကန့်သတ်ချက်တွေဟာ ပြင်းထန်တယ်လို့ ဆိုကြပေမဲ့လည်း ပြည်နယ်နဲ့ တိုင်းအခြေပြုပါတီတွေအတွက်ကတော့ သာမန်လောက်ပဲဖြစ်လို့ ပြည်ထောင်စုအဆင့်ကိုပဲ ဦးတည်ကန့်သတ်တဲ့ သဘောကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်နယ်နဲ့တိုင်း အခြေပြုပါတီတွေမှာလည်း လောက်လောက်လားလားပါတီတွေ ပေါ်လာမှာဖြစ်သလို ပြည်ထောင်စုအဆင့်ကိုမှ ဦးတည်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးကို စည်းရုံးနိုင်စွမ်းလောက်တော့ ရှိရမယ်ဆိုတာကို ဥပဒေသစ်က ပေါ်လွင်စေပါတယ်။ သေချာတာကတော့ ပြီးခဲ့တဲ့ ၁၂ နှစ်တုန်းကလို ပေါ့ပေါ့ပါးပါး ကန့်သတ်ချက်နဲ့ ငွေယားလေးရှိရင် လွယ်လွယ်ကူကူပါတီထောင်၊ ဥက္ကဋ္ဌကြီးအမည်ခံတာတွေ လျော့ကျသွားမှာဖြစ်သလို “NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို “ခင်ဗျားလည်း ပါတီဥက္ကဋ္ဌ၊ ကျွန်တော်လည်း ပါတီဥက္ကဋ္ဌလို့ပြောလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဆိုးပြီး အမှုဖွင့်” တာမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်စဉ်တွေ မြင်ရတော့မှာမဟုတ်တော့ပါဘူး။
ဒါ့အပြင် ညွန့်ပေါင်းပါတီတွေ ပေါ်ထွက်လာပြီး မြန်မာတွေမှာ ပျောက်ရှနေတဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရတော့မဲ့ အခြေအနေကို ပြဆိုပါတယ်။
ဥပဒေအဟောင်းရဲ့ ပုဒ်မ (၇) မှာဆိုရင် ပုဒ်မခွဲ (က) မှာ “တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း” လို့ပဲ ပြဌာန်းခဲ့ပေမဲ့ ဥပဒေသစ်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဆိုတာကို ထပ်မံတိုးချဲ့ခဲ့တာ တွေ့ရပါတယ်။ ပုဒ်မ (၁၀) မှာတော့ အရင်က ပုဒ်မခွဲ ၈ ခုကနေ ၁၀ ခုအထိ တိုးလိုက်ပြီး ပါတီဝင်အဖြစ်စည်းရုံးခွင့်ကို ဥပဒေဟောင်း ပုဒ်မ (က) မှာ “နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း” ဆိုတာကို “နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း” လို့ ဧည့်နိုင်ငံသားတွေကို အခွင့်အရေးပေးလာတာ တွေ့ရပါတယ်။ ဒါ့အပြင်လည်း ပုဒ်မခွဲ (င) မှာ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းလို့ ကန့်သတ်ချက်တစ်ခု ပိုလာတဲ့အပြင် (ဈ) မှာလည်း အခြားနိုင်ငံရေးပါတီတစ်ခု၏ ပါတီဝင်မဟုတ်ခြင်းဆိုတဲ့အချက်ကို တိုးချဲ့ကန့်သတ်လာတာ တွေ့ရပါတယ်။
၄။
အခန်း (၃) နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း အခန်းမှာဆိုရင်လည်း ၁၂(က) (၁) မှာ အရင်တုန်းက ပြည်ထောင်စုအဆင့်ပါတီတစ်ခုဟာ အနည်းဆုံးသုံးနေရာ မပြိုင်နိုင်ရင် ပါတီအဖြစ်က ရုပ်သိမ်းခံရမယ်လို့ ပြဌာန်းခဲ့ရာကနေ လက်ရှိဥပဒေသစ်မှာတော့ ပြည်ထောင်စုအဆင့်ပါတီတစ်ခုဟာ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှုမပြုရင် ပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ဘူးလို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀- ၂၀၂၀ ကာလတုန်းက ပါတီ ၁၀၀ လောက်ထူထောင်ခဲ့ကြပေမဲ့ ၃ နေရာတောင် မပြိုင်နိုင်လို့ ပါတီအဖြစ်ကနေ ရပ်စဲခံရတာတောင် ရှိခဲ့တာမို့လို့ ဒီအချက်ကတော့ ပါတီဝင် ၁ သိန်း၊ ကျပ်သိန်း ၁၀၀၀၊ မြို့နယ်ရုံး ၁၆၅ ရုံးထက်တောင် ပြင်းထန်တဲ့အချက်ဖြစ်ပါတယ်။
သူ့ရဲ့ ဆိုလိုရင်းဟာ အထွေထွေရွေးကောက်ပွဲတစ်ခုမှာ ပြည်သူ၊ အမျိုးသား၊ တိုင်းနဲ့ ပြည်နယ်အပြင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်ဆိုပြီး လေးနေရာအတွက် အမတ်နေရာ ၁၂၀၀ ရွေးကောက်မယ်ဆိုရင် အမတ်နေရာ ၆၀၀ ပြိုင်နိုင်မှ ရပ်တည်နိုင်တော့မှာပါ။ ဒီအချက်နဲ့ ကိုက်ညီနိုင်တဲ့ပါတီကတော့ USDP နဲ့ NLD ပါတီမှတစ်ပါး အခြားမရှိနိုင်တော့ဘဲ ညွန့်ပေါင်းပါတီတွေ ဘယ်လောက် အားကောင်းမောင်းသန်ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာဖြစ်ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲဟာ ပြည်ထောင်စုပြိုင်နိုင်တာ ၂ ပါတီ၊ ပြည်နယ်နဲ့တိုင်း ပြိုင်တာက ပါတီ ၂၀ လောက်အထိ ကျဆင်းသွားနိုင်ပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းပဲ ယှဉ်ပြိုင်မဲ့ပါတီဆိုရင်လည်း အနည်းဆုံးနေရာတစ်ခုတော့ ပြိုင်ရမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ အရင်တုန်းက ပါတီထောင်ထားတာနဲ့ သုံးနေရာ မဖြစ်မနေပြိုင်ရမယ်ဆိုတာနဲ့ ယှဉ်ရင် ဖြေလျှော့ထားတာလို့ ဆိုရမှာပါ။ ပုဒ်မခွဲ ၁၂ မှာဆိုရင် အရင်တုန်းက ပုဒ်မခွဲ (က) အောက်မှာ ကန့်သတ်ပုဒ်မ ၇ ချက်ကနေ ဥပဒေသစ်မှာတော့ ကန့်သတ်ပုဒ်မ ၁၀ ချက်အထိ တိုးလာပါတယ်။ ပုဒ်မ ၁၂ (က) ရဲ့ ပုဒ်မခွဲ (၃) ကတော့ အရင်တုန်းက ပုဒ်မဟောင်းရဲ့ ရှင်းလင်းချက်ကို ဖြည့်စွက်ပြင်ဆင် ပုဒ်မခွဲလုပ်လိုက်တာဖြစ်ပြီး သူ့ဆိုလိုရင်းက အထွေထွေရွေးကောက်ပွဲအပြီးမှာမှတ်ပုံတင်တဲ့ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံးနေရာတစ်ခုမှာ ပြိုင်ရပါမယ်။ မပြိုင်နိုင်ရင် ပါတီအဖြစ်က ရပ်စဲမယ်လို့ ပြဌာန်းပါတယ်။ ဒီအချက်ကတော့ ပြည်ထောင်စုအဆင့်ပါတီရော၊ တိုင်းနဲ့ ပြည်နယ်အဆင့်ပါတီရော အကျုံးဝင်ပေမဲ့ တိုင်းနဲ့ပြည်နယ်အဆင့်ပါတီကတော့ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲမရှိရင် ပြိုင်စရာလိုမှာ မဟုတ်ပါဘူး။
ပုဒ်မ ၁၂(က) ရဲ့ ပုဒ်မခွဲ(၄) မှာတော့ အရင်တုန်းက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခံရခြင်း ဆိုတဲ့နောက်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာခံရခြင်းလို့ ဖြည့်စွက်ပါတယ်။ ပုဒ်မ ၁၂ (က) ပုဒ်မခွဲ (၉) နဲ့ (၁၀) ကတော့ ထပ်တိုးကန့်သတ်ချက်တွေဖြစ်တဲ့ ပါတီဝင်ဦးရေနဲ့ ပါတီရုံးခန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် ပါတီအဖြစ်က ရပ်စဲသွားမှာဖြစ်လို့ ဒီအခန်းကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ အရင်တုန်းကလို ဖြစ်ကတတ်ဆန်းနေလို့ရတော့မှာမဟုတ်ဘဲ ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ပေါက်ရောက်အောင်မြင်အောင် ရုန်းကန်ပြရတော့မဲ့ အခြေအနေပါ။
၅။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ရဲ့ အခန်း(၄) ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအခန်းနဲ့ အခန်း (၅) အထွေထွေအခန်းကတော့ ဥပဒေဟောင်းနဲ့ ထပ်တူအတိုင်းပါပဲ။ အနည်းငယ်ပြောင်းလဲတာဆိုလို့ ဥပဒေအဟောင်း ပုဒ်မ (၂၅) မှာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄ /၈၈) အရ တည်ရှိနေသော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားရမည်။ ကော်မရှင်၏ ခွင့်ပြုချက်ရရှိသည့်အခါ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟုမှတ်ယူရမည်” လို့ ပြဌာန်းထားမှုကို ဥပဒေအသစ်မှာတော့ “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၂/၂၀၁၀) အရ တည်ရှိနေသော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်”လို့ ပြဌာန်းခဲ့တာ တွေ့ရပါတယ်။
ဒီအချက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ NUG နဲ့ ဆက်နွှယ်နေတဲ့ NLD ပါတီအတွက် ပါတီဆက်လက်ရပ်တည်ရေး ရွေးချယ်မယ်ဆိုရင် NUG မှာပါဝင်ဖွဲ့စည်းခံထားရတဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပါတီက ထုတ်ပယ်ရပါလိမ့်မယ်။ ဒါ့အပြင် CRPH နဲ့ NUG ကို ရောက်နေပြီး လက်ရှိပြည်တွင်းမှာ တရားဝင်ရပ်တည်လိုတဲ့ မြေပေါ်နိုင်ငံရေးသမား NLD ပါတီဝင်တွေကို ခြိမ်းခြောက်နေတဲ့ ဦးအောင်ကြည်ညွန့်ဦးဆောင်တဲ့ CRPH နဲ့ NUG က ပြည်ပြေးအကြမ်းဖက်သတ်မှတ်ခံ NLD ပါတီဝင်တွေကိုပါ ထုတ်ပယ်ပြီးမှ ပါတီသစ်အဖြစ်ပြန်လည် လျှောက်ထားရပါလိမ့်မယ်။
အဲဒီလိုမျိုး အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ CRPH နဲ့ NUG ဆီ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ NLD ပါတီဝင်ဟောင်းတွေကို မရှင်းလင်းရဲလို့ ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုရင်တော့ NLD ပါတီဟာ အလိုအလျောက် ပါတီအဖြစ်ကနေ ရပ်စဲသွားမှာဖြစ်ပြီး ပါတီအဖြစ် ပြန်လည်အသက်သွင်းဖို့ဆိုရင်တော့ ၂၀၂၄ လောက်မှာဖြစ်တည်လာမဲ့ PR သမ္မတ၊ PR လွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအရ သနားငဲ့ညှာမှုကို ထိုင်စောင့်နေရတဲ့ အဆင့်ကို ရောက်သွားပါလိမ့်မယ်။
◾️ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်မှာ
ဘာတွေ ထူးခြားလာသလဲ (၁) ကို Facebook တွင်
အထက်ပါ လင့်ခ်နှင့် Website တွင်
ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
Photo- AFP