October 23, 2024

၂၆. ၁. ၂၀၂၃

Written by Ye Kyaw

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (Passport for Job-PJ) အမျိုးအစား ကိုင်ဆောင်ထားသူများအနေဖြင့် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်) မဖြစ်မနေလျှောက်ထားကိုင်ဆောင်ရန်လိုအပ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ပေကျင်းမြို့ရှိ မြန်မာသံရုံးက ကြေညာထားသည်။

တရုတ်နိုင်ငံတွင် အမြဲနေထိုင်ခွင့်ပါမစ်ဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ အသက်အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်သူများနှင့် မှီခိုနေထိုင်သူများဖြစ်ပါက PJ မှ အခြားသက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်များသို့ ပြောင်းလဲလျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ PJ အမျိုးအစား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများသည့် OWIC (Overseas Workers Identification Card) အား မလွဲမသွေ လျှောက်ထားကိုင်ဆောင်ရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနိုင်ရေးအတွက် OWIC မဖြစ်မနေကိုင်ဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Website၊ Safe Migration Facebook Page၊ Safe Migration Telegram Channel၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ တစ်ဆင့် ကြေညာထားရှိပြီးဖြစ်သည်။

OWIC အား အလုပ်သမားဝန်ကြီးဌာန၏ https://www.mol.gov.mm/form/ တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားရာတွင် လိုအပ်သည့် အချက်များအား ပူးတွဲဖော်ပြလျက် အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *