◾NUG နှင့် PDF များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ အထိ အပြစ်မဲ့ပြည်သူ ၄၅၄၃ ဦးအထိ သေဆုံးခဲ့ရကြောင်း ပြော
MT News
၂၇. ၁. ၂၀၂၃
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် The Gurdian သတင်းစာ အယ်ဒီတာ့အာဘော်အပေါ် လန်ဒန်မြို့ရှိ မြန်မာသံရုံးက “မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယုံတမ်းပြောစကားများနှင့် ဖြစ်ရပ်မှန်များ” ခေါင်းစဥ်ဖြင့် တုံ့ပြန်ချေပခဲ့သည်ဟု ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
The Guardian သတင်းစာ၌ “The Guardian view on Myanmar’s military: in power but not in control” ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly ရေးသားသော “Britain is not a passive observer on the world stage. We want oligarchs and dictators to fear us” ဆောင်းပါးတို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နှင့် ၉ ရက်တို့တွင် အသီးသီးဖော်ပြခဲ့ပြီး အဆိုပါဆောင်းပါးများတွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားချက်များအပေါ် လန်ဒန်ရှိ မြန်မာသံရုံးက တုံ့ပြန်ထားခြင်းဖြစ်သည်။
The Guardian ၏ ဆောင်းပါးများကို တုံ့ပြန်ရန် မြန်မာသံရုံး၊ လန်ဒန်မြို့မှ “Understanding myths and realities of Myanmar” ခေါင်းစဉ်ဖြင့် စာလုံးရေ (၈၀၀)ခန့်ပါ The Guardian အယ်ဒီတာထံပေးစာကို The Guardian ၏ Readers’ Editor ထံသို့ရေးသားပေးပို့ခဲ့သည်။ သို့ရာတွင် The Guardian ဆောင်းပါးပါ ရေးသားချက်များအပေါ် ပြင်ဆင်ချက်နှင့် အယ်ဒီတာ၏ စည်းကမ်းများအရ တုံ့ပြန်ချက် မလိုအပ်ဟုယူဆကြောင်းနှင့် မြန်မာသံရုံး၏ ဆောင်းပါးသည် The Guardian ၏ စာလုံးရေ (၃၀၀) ကန့်သတ်ချက်ကို ကျော်လွန်ပြီး စာရေးသူအမည် ဖော်ပြထားမှုမရှိသဖြင့် ရွေးချယ်ခြင်း မပြုခဲ့ကြောင်း မြန်မာသံရုံးသို့ The Guardian မှ အကြောင်းပြန်ကြားခဲ့သည်။ သို့သော်လည်း The Guardian တွင် နေ့စဉ် ဖော်ပြနေသည့် အယ်ဒီတာ့ထံ ပေးစာများမှာ အဆိုပါစာလုံးရေ (၃၀၀)ကန့်သတ်ချက်ကို အမြဲ ကျော်လွန်လျက်ရှိကြောင်း မြန်မာသံရုံးမှ တွေ့ရှိခဲ့ရသည်။
အထက်ဖော်ပြပါ အခြေအနေများကြောင့် လန်ဒန်မြို့ရှိ မြန်မာသံရုံး အနေဖြင့် The Guardian သတင်းစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြခဲ့သည့် ဆောင်းပါး (၂) ပုဒ်အပေါ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တုံ့ပြန်ရခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ တုံ့ပြန်မှုတွင် The Guardian သတင်းစာ အယ်ဒီတာ့အာဘော်နှင့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး၏ ဆောင်းပါးများသည် SAC အစိုးရမှာ ပြည်သူများအပေါ် ထင်သလို ရမ်းကားနေသည့်ပုံစံဖော်ညွှန်းရေးသားခဲ့ကြသည်။ ထိုသို့ရေးသားသည့် အနောက်တိုင်း မီဒီယာများကြောင့် မြန်မာနိုင်ငံအပေါ် အထင်မှားအမြင်မှား ဖြစ်စေခဲ့သည့်အပြင် အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် လွယ်ကူသော ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် “တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မမှန်ကန်မှုများ ရှိခဲ့ပြီး နိုင်ငံရေးပါတီများနှင့် တပ်မတော်က အလေးထား တောင်းဆိုခဲ့သော်လည်း ယခင်အစိုးရ လက်ထက်တွင် ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၈ ဒသမ၂၇ သန်းအနက် ၁၁ ဒသမ ၃၀ သန်း (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မှာ မဲစာရင်းလွဲမှားမှုများရှိနေကြောင်း နောက်ပိုင်းတွင် စိစစ်တွေ့ရှိခဲ့ရသည်။ စေ့စပ်ညှိနှိုင်းရေး အတွက် တပ်မတော်အနေဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့သော်လည်း လျစ်လျူရှုခြင်း ကို ခံခဲ့ရသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တစ်ဝှမ်း အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။ တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သူအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ကာ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီးနောက် အနိုင်ရရှိသည့်ပါတီသို့ အခွင့်အာဏာ ပြန်လည်အပ်နှင်းရန် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါ” ဟု ဆိုထားသည်။
ယင်းအပြင် SAC အစိုးရက မတရားအသင်းအဖြစ်သတ်မှတ်ထားသည့် CRPH ၊ NUG နှင့် PDF အဖွဲ့များအနေဖြင့် တရားဝင် ဖြစ်စေရန် ကြိုးပမ်းမှုများရှိသော်လည်း ၎င်းတို့သည် ပြည်ပရောက် နိုင်ငံရေးသမားများနှင့် အစွန်းရောက်များဖြင့် ဖွဲ့စည်းထားသည့် အကြမ်းဖက် အဖွဲ့အစည်းများသာ ဖြစ်သည်ဟု ဖော်ပြထားပြီး ၎င်းတို့သည် အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမြင်မတူသော နိုင်ငံရေး ပါတီဝင်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ အဆိုပါ မတရားအသင်းအဖွဲ့အစည်းများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၄,၅၄၃ ဦး သေဆုံးခဲ့သည်ဟုလည်း ရေးသားဖော်ပြထားသည်။
ထို့အပြင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုနှင့် ပိတ်ဆို့ အရေးယူမှုများကို ဗြိတိန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထိရောက်စွာ ချမှတ်နိုင်ကြောင်း စောဒက တက်ခဲ့သည်။ သို့သော် ပိတ်ဆို့အရေးယူမှုများသည် အလုပ်မဖြစ်သည့်အပြင် သာမန်အခြေခံလူတန်းစားကို ထိခိုက်နေစေမည်သာ ဖြစ်သည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားခဲ့မိပုံ မရကြောင်းနှင့် ပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို နှောင့်နှေးစေမည်သာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ကိုလိုနီခေတ်၏ ဆိုးမွေများဖြစ်ကြောင်း သတိချပ်သင့်ကြောင်းနှင့် ဗြိတိန်အနေဖြင့် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့ချိန်မှစ၍ ယနေ့အထိ ၎င်းတို့တွင် တာဝန်ရှိခဲ့ကြောင်း ဝန်ခံခဲ့ခြင်း မရှိသေးကြောင်းလည်း သတိပေးထားသည်။
အလားတူ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၏ စိုးရိမ်မှုများကို နားလည်သော်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို နိုင်ငံတကာ၏ ထောက်ခံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းလည်း တုံ့ပြန်မှုတွင် ဖော်ပြထားသည်။