၂၆. ၁. ၂၀၂၃
Written by Thettant
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယ ပွဲတော်ဖွင့်ပွဲ၊ အထူးတံတား၊ မုဒ်ဦးဖွင့်ပွဲနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီခွဲအချိန်က တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က) စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့ (ဇန်နဝါရီ ၂၅ ရက်)မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့(ဧပြီ ၁၇ ရက်)အထိဖြစ်ကြောင်း သိရသည်။
“မနေ့က ရွှေစက်တော်စဖွင့်တယ်။ ဖွင့်တဲ့ရက်မှာကို အနီးဝန်းကျင်က ဘုရားဖူးတွေ အပန်းဖြေတွေ တော်တော်များများလာကြလို့ ဒေသခံပြည်သူတွေနဲ့ ဆိုင်ခန်းတွေက ဝမ်းသာနေကြတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး ပြည်သူတွေ ပျော်ရွှင်နေတာကို ဗုံးလာခွဲလို့ မလာကြတော့မှာလည်း စိုးရိမ်နေကြတယ်။ လက်နက်ကိုင်အားလုံးကိုလည်း ဘုရားဖူးတွေကိုရော၊ ဘုရားဖူးတွေမှီပြီး ဝမ်းစာရှာရတဲ့ ဒေသခံပြည်သူတွေကိုရော ငဲ့ညှာသောအားဖြင့် ဘုရားပွဲတော်ကို ပစ်မှတ်မထားဖို့ တိုက်တွန်းပါတယ်” ဟု ဘုရားပွဲတွင် တည်းခိုဆောင်ဖွင့်လှစ်ထားသူတစ်ဦးက MT News ၏ မေးမြန်းမှုအပေါ် ယနေ့ပြောသည်။
အောက်စက်တော်ရာသို့ ဘုရားဖူးလာရောက်ကြသူများ သွားလာရေး အဆင်ပြေစေရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခင် ဘေလီသစ်သား တံတားအစား ယခုအခါ ဘေလီသံပေါင်တံတားကို တည်ဆောက်ပေးထားပြီး တံတားကြီး ရေရှည် ကြံ့ခိုင်ကောင်းမွန်ရေး ရေကျော်များလည်း ဆောင်ရွက်ပေးထားသည်။ ထို့ပြင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအား ညအိပ်နားနေခွင့်ပြုထားကြောင်းလည်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။