၂၆. ၁. ၂၀၂၃
Written By Thandar
မိုးအိန်ဂျယ်ဆိုတဲ့ နာမည်ကနေ The Teacher ဇာတ်ကားမှာ မြယာနေရာက ပါဝင်သရုပ်ဆောင်ခွင့်ရရင်း မြယာလို့ဖြစ်လာခဲ့တဲ့ သူမကတော့ ဒီဇာတ်ကားဟာ Horror ဇာတ်လမ်းဖြစ်ပြီး ကိုယ်တိုင်စိတ်ဝင်စားမိတဲ့ ဇာတ်လေးမို့ အရမ်းလည်းရင်ခုန်နေပါတယ်လို့ ပြောပါတယ်။
မိုးအိမ်ဂျယ် နာမည်နဲ့ အသက် ၁၆ နှစ်ကစပြီး Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းကနေ ကြော်ငြာတချို့ ရိုက်ကူးခဲ့ပြီးတော့ ပထမဆုံး သူမဘဝရဲ့ မှတ်တိုင်အနေနဲ့ The Teacher ဇာတ်ကားမှာ မြယာ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ရတဲ့အတွက် ဒါရိုက်တာညိုမင်းလွင်ရဲ့ အကြံပြုမှုနဲ့အတူ မြယာလို့ အမည်ပြောင်းလဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
“ဒီဇာတ်ကား ရုံတင်ရင် ပရိသတ်တွေ ဘယ်လိုမျိုးဖြစ်မလဲ။ အခု ကြော်ငြာလေးပဲ ထွက်သေးတာတောင် ပရိသတ် စိတ်ဝင်စားမှုက တော်တော်လေးကို ရတယ်။ ပရိသတ်တွေက သရုပ်ဆောင်အသစ်နဲ့တောင် မတူဘူး။ တကယ်သရုပ်ဆောင်တာ တော်တယ်လို့ ပြောကြတော့ ပီတိဖြစ်မိတယ်။ မြယာနေရာမှာလည်း အကောင်းဆုံးလည်း ကြိုးစားထားပါတယ်။ အခက်အခဲတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ပြီးတော့ ဆရာညိုမင်းလွင်ကလည်း သေချာသင်ပေးပါတယ်။ ပရိသတ်တွေ အားပေးသံတွေကြောင့် အရမ်းပျော်မိတယ်။ The Teacher နာမည်နဲ့ လူတိုင်းစိတ်ဝင်စားကြတယ်ဆိုတော့လေ။ ဆရာက သူ့ဇာတ်လမ်းကို လျှို့ဝှက်တဲ့သူမို့ ကိုယ်ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းကလွဲရင် ကျန်တာမသိရသေးဘူး။ Horror ဇာတ်လမ်းဆိုတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ဇာတ်လေးမို့ အရမ်းလည်း ရင်ခုန်နေတယ်”ဟု သရုပ်ဆောင် မြယာက ပြောသည်။
ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၁၅နှစ်မြောက် နှစ်ပတ်လည်အနေနဲ့ ရိုက်ကူးထားတဲ့ Horror ဇာတ်လမ်းပုံစံ The Teacher ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် မတ် ၁၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတာဖြစ်သလို သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မြယာ၊ မြတ်၊ ဝင်းလဲ့ရွှေရည်၊ လင်းထည်ဝါ၊ သန်းဓနစိုး၊ ဂျွန်နိုင်းအောင်၊ ပိုင်သစ်၊ မိုးယံ၊ နှင်းဝတ်ရည်၊ အိမ့်ဂျူရီမွန်၊ မှုံနံ့သာ စတဲ့ သူတွေက ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။
The Teacher ရုပ်ရှင်ဇာတ်ကားဟာ စတင်ရိုက်ကူးတဲ့အချိန်ကစပြီး ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ ရုပ်ရှင် ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက မျက်နှာသစ်သရုပ်ဆောင်တွေ အများဆုံးပါဝင်နေတာလည်း ဖြစ်ပါတယ်။